သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလား‌ဒေ့ရှ်တွင် ရွေးကောက်ခံအစိုးရထံသို့ ယာယီအစိုးရခေါင်းဆောင် အာဏာလွှဲပြောင်းပေး

AB News – ဖေဖော်ဝါရီ ၁၇၊၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အစိုးရခေါင်းဆောင်တာဝန်အား ယာယီတာဝန်ယူထားသည့် ဒေါက်တာ ယူနွတ်စ်သည် လက်ရှိရာထူးမှ နုတ်ထွက်ပြီး ရွေးကောက်ခံအနိုင်ရ အစိုးရသစ်ထံသို့ အာဏာလွှဲပြောင်းပေးလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများတွင် ရေးသားဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ(BNP)မှ အပြတ်အသတ် အနိုင်ရရှိခဲ့သည်။

ယာယီအစိုးရခေါင်းဆောင် ယူနွတ်စ်အနေဖြင့် တာဝန်မှ ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်းနှင့် ယခုပြုလုပ်သည့် ရွေးကောက်ပွဲအား နောင်လာမည့် ရွေးကောက်ပွဲများအတွက် စံပြဖြစ်စေပြီး ချီးကျူးစရာကောင်းသော စံနမူနာတစ်ခုအဖြစ်လည်း ထူထောင်နိုင်ခဲ့ကြသည်ဟု ၎င်းက ဆိုထားသည်။

“ပြည်သူတွေ၊ မဲဆန္ဒရှင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲဆိုင်ရာ အဖွဲ့အစည်းတွေဟာ ချီးကျူးစရာကောင်းတဲ့ စံနမူနာတစ်ခုကိုထူထောင်နိုင်ခဲ့ကြပါတယ်။ ဒီရွေးကောက်ပွဲဟာ နောင်လာမယ့် ရွေးကောက်ပွဲတွေအတွက် စံပြဖြစ်စေမှာပါ” ဟု အသက် ၈၅ နှစ်အရွယ် ယူနွတ်စ်က ဆိုသည်။

ယင်းအပြင် ၎င်းအား ယာယီအစိုးရ တာဝန်မှ ရပ်ဆိုင်းလိုက်သော်လည်း ဒီမိုကရေစီ ကျင့်ထုံးများ၊ လွတ်လပ်စွာ ပြောဆိုခွင့်များနှင့် အခြေခံရပိုင်ခွင့်များမှာ ရပ်တန့်သွားမည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

“ဒီနေ့မှာ ယာယီအစိုးရ တာဝန်ကနေ အနားယူတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုမှ စတင်နိုင်ခဲ့တဲ့ ဒီမိုကရေစီကျင့်ထုံးတွေ၊ လွတ်လပ်စွာ ပြောဆိုခွင့်တွေနဲ့ အခြေခံရပိုင်ခွင့်တွေကိုတော့ မရပ်တန့်ပါဘူး”လည်း ၎င်းက တိုက်တွန်း ပြောဆိုခဲ့သည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရွေးကောက်ခံအနိုင်ရ BNP ပါတီမှ အသက် ၆၀ အရွယ် ခေါင်းဆောင် တာရစ် ရာမန် ကို ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်မည်ဖြစ်ပြီး နိုင်ငံအား ဦးဆောင် သွားမည် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ အရေးအခင်းတွင် ကျောင်းသားလူငယ် လူထုအုံကြွမှုဖြစ်ပြီးနောက် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ ဖြုတ်ချခံရပြီး ၂၀၂၆ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ၁၃ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲကြီးကို သမိုင်းဝင် ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

AB_News #ArakanBayNews #Election #Yunus #Transfering_Power #NewPrimeMinister #Tariq Rahman #Bangladesh

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ