သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်တွင် နီပါ (Nipah) ဗိုင်းရပ်စ်ကြောင့် လူတစ်ဦး သေဆုံး၊ နိုင်ငံတကာသို့ ကူးစက်နိုင်ခြေ နည်းပါးကြောင်း WHO ပြော

​AB News- ဖေဖော်ဝါရီ ၇၊ ၂၀၂၆

​ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အသက်အန္တရာယ် အလွန်စိုးရိမ်ရသည့် နီပါ (Nipah) ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် လူနာတစ်ဦး သေဆုံးသွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ယနေ့ ဖေဖော်ဝါရီ ၇ ရက်တွင် အတည်ပြုထုတ်ပြန်လိုက်သည်။ 

သို့သော်လည်း အဆိုပါရောဂါမှာ နိုင်ငံတကာသို့ ပျံ့နှံ့သွားနိုင်ခြေမှာမူ အလွန်နည်းပါးနေဆဲ ဖြစ်သည်ဟု ဆိုသည်။


​ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Naogaon ခရိုင်တွင် နေထိုင်သည့် အသက် ၄၀ မှ ၅၀ နှစ်ကြား အမျိုးသမီးတစ်ဦးသည် စွံပလွန်သီးဖျော်ရည်ကို သောက်သုံးခဲ့ရာမှ ကူးစက်ခံရကာ သေဆုံးသွားခြင်း ဖြစ်သည်။

​ထိုအသီးဖျော်ရည်သောက်သုံးခဲ့ပြီး ဇန်နဝါရီ ၂၁ ရက်တွင် ဖျားနာခြင်းနှင့် အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာများ စတင်ခံစားခဲ့ရကာ ဆေးရုံတက်ပြီးနောက် သေဆုံးသွားခြင်းဖြစ်သည်။

ဓာတ်ခွဲခန်းစစ်ဆေးချက်အရ အဆိုပါအမျိုးသမီးကို ဇန်နဝါရီ ၂၉ ရက်တွင် နီပါဗိုင်းရပ်စ်ပိုး ရှိကြောင်း အတည်ပြုခဲ့သည်။

​အဆိုပါ သေဆုံးသူနှင့် ထိတွေ့ခဲ့သူ ၃၅ ဦးကို စစ်ဆေးခဲ့ရာတွင် နောက်ထပ် ကူးစက်ခံရသူ မတွေ့ရှိရသေးကြောင်း သိရပြီး အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တွင်လည်း ယခင်အပတ်က ကူးစက်မှု နှစ်ခုရှိခဲ့ခြင်းကြောင့် အရှေ့တောင်အာရှနိုင်ငံအချို့ရှိ လေဆိပ်များတွင် ကျန်းမာရေးစစ်ဆေးမှုများ တင်းကျပ်ထားသော်လည်း ခရီးသွားလာမှု ကန့်သတ်ရန် မလိုအပ်သေးကြောင်း WHO က ဆိုသည်။

​နီပါဗိုင်းရပ်စ်သည် လင်းနို့နှင့် ဝက်တို့မှတစ်ဆင့် လူထံသို့ ကူးစက်တတ်ပြီး ရောဂါရှိသူ၏ ကိုယ်ခန္ဓာအရည်များမှတစ်ဆင့်လည်း လူအချင်းချင်း ကူးစက်နိုင်သည်။

အဆိုပါ ဗိုင်းရပ်စ်သည် ​သေဆုံးမှုနှုန်း ၄၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ ရှိပြီး သေဆုံးမှုနှုန်း အလွန်မြင့်မားသည်။

လက်ရှိအချိန်ထိ အဆိုပါရောဂါအတွက် သီးသန့်ကာကွယ်ဆေး (သို့မဟုတ်) ဆေးဝါး မရှိသေးသော်လည်း လင်းနို့များ နားခိုလေ့ရှိသည့် သစ်ပင်များမှ ရရှိသော စွံပလွန်ရည်/ထန်းရည်များကို အစိမ်းသောက်ခြင်းမှ ရှောင်ကြဉ်ခြင်းဖြင့် ကာကွယ်နိုင်သည်။

​ဘင်္ဂလားဒေ့ရှ်တွင် ၂၀၀၁ ခုနှစ်မှစ၍ ယခုအထိ နီပါဗိုင်းရပ်စ် ကူးစက်မှု ၃၄၈ ခုခန့် ရှိခဲ့ပြီး ထက်ဝက်ခန့်မှာ ထန်းလျက်ရည်/စွံပလွန်ရည်အစိမ်း သောက်သုံးရာမှတစ်ဆင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ၎င်းရောဂါကို “ရှားပါးသော်လည်း ပြင်းထန်သောရောဂါ” ဟု သတ်မှတ်ထားပြီး အာဏာပိုင်များအနေဖြင့် စောင့်ကြည့်စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

Nipha  #Virus #Bangladesh #WHO

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ