
AB News – ဇူလိုင် ၉၊ ၂၀၂၅
နွယ်စိုး
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် ARSA ခေါင်းဆောင် Ataullah ကို ယနေ့ ဇူလိုင်လ ၉ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားတရားရုံး၌ ရုံးထုတ်ခဲ့ပြီး ၃ ရက်ချုပ်ရမန်ယူကာ ထောင်သို့ ပြန်လည်ပို့လိုက်ကြောင်း The Business Standard သတင်းဌာနတွင် ဖော်ပြထားသည်။
ဖမ်းဆီးခံထားရသည့် ARSA ခေါင်းဆောင် Ataullah သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၆ရက်နေ့က ကူတုပါလောင်ဒုက္ခသည်စခန်းအတွင်း အကြမ်းဖက်လက်နက်ကိုင်မူဆလင် အဖွဲ့များဖြစ်ကြသော ARSA၊ RSO အဖွဲ့နှစ်ဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားစဉ်အတွင်း ဒုက္ခသည်မူဆလင် ၄ ဦးသေဆုံးခဲ့ခြင်းနှင့် ပတ်သက်ပြီး တရားစွဲဆိုခံထားရခြင်းဖြစ်သည်။
ဖမ်းဆီးခံထားရသည့် ARSA အဖွဲ့ခေါင်းဆောင်ကို ကော့ဘဇားခရိုင် အကျဉ်းထောင်မှ လုံခြုံရေး တင်းကျပ်စွာဖြင့် တရားရုံးသို့ ခေါ်ဆောင်ခဲ့ပြီး ချုပ်ရမန် ၃ ရက်ပေးကာ ထောင်သို့ ပြန်ပို့လိုက်ကြောင်း စုံစမ်းစစ်ဆေးရေးအရာရှိ (IO) က ပြောကြားထားသည်။
CID ရဲတပ်ဖွဲ့က ၎င်းအား လူသတ်မှုနှင့် ဆက်စပ်၍ အချိန်ခါမေရွး စစ်ဆေးမေးမြန်းသွားမည်ဖြစ်ကြောင်းလည်း တရားရုံးစစ်ဆေးရေးမှူးက ဆက်လက်ပြောသည်။
ယခုနှစ် မတ်လ ၁၇ ရက်နေ့က အကြမ်းဖက်မူဆလင် ARSA ခေါင်းဆောင် အာတာအူလာ(Ataullah) အပါအဝင် အဖွဲ့ဝင် ၅ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
မူဆလင်လက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့်( ARSA)၊ RSO တို့သည် အာရက္ခတပ်တော် (AA) အား တိုက်ခိုက်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇား ဒုက္ခသည်စခန်းအတွင်း လူသစ်စုဆောင်းနေကြောင်း ဇွန်လ ၁၉ရက်နေ့က International Crisis Group ၏ အစီအရင်ခံစာတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇွန်လ ၈ရက်နေ့က ဘင်္ဂလားဒေ့ရှိနိုင်ငံ ကော့ဇ်ဘဇားကမ်းခြေတွင် ARSA မူဆလင်အကြမ်းဖက် လက်နက်ကိုင်အဖွဲ့၏ အမှတ်သင်္ကေတ တံဆိပ်ပါ အင်္ကျီဆင်တူများ ဝတ်ထားသည့် လူငယ်များအပါအဝင် ရာချီသော ဒုက္ခသည်မူဆလင်များအား တွေ့ရကြောင်း Coxs Bazar News တွင် တိုက်ရိုက်ထုတ်လွှင့် ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။