Arakan Bay News-ABN
အသက် ၅၂ နှစ် အရွယ်ရှိ လယ်သမားကြီးတစ်ဦးသည် ကီလိုမီတာ ၁,၂၀၀ ခရီးကို ခြေကျင်လျှောက်လာခဲ့သည့် ခရီးစဥ် အင်္ဂါနေ့တွင် ပြီးဆုံးခဲ့ပြီး လူမှုကွန်ယက်တွင်တွေ့ခဲ့သည့် ရည်းစားဖြစ်သူအမျိုးသမီးကို လက်ထပ်ရန် ရည်မှန်းချက်သည်လည်း အောင်မြင်စွာပြီးစီးသွားပြီဖြစ်သည်။
Nakhon Nayok ဒေသမှ Suthep Promjit အမည်ရှိ အမျိုးသားသည် Thung Wa ဒေသတရားရုံးတွင် ခရီးစဥ်ကို အဆုံးသတ်ခဲ့ပြီး ထိုတရားရုံးတွင်ပင် အသက် ၅၆နှစ်အရွယ် စျေးသည်တစ်ဦးဖြစ်သည့် Thanapa Khiaw နှင့် လက်ထပ်ခဲ့သည်။
လက်ထပ်စဥ်တွင် ရိုးရာဝတ်စုံများဝတ်ကာ ရိုးရာအကများဖြင့် ကပြဖြေဖျော်နေသည့် အမျိုးသမီးများအပါအဝင် ဆုတောင်းထောပနာပြုသူများဖြင့် ဝိုင်းရံနေခဲ့ကြသည်။
မစ္စတာ ဆူထပ် သည် ထိုကဲ့သို့ သွားရောက်ရန် ခန္ဓာကိုယ် ကျန်းမာရေးကောင်းမွန်၊ ကြံ့ခိုင်ရေးအတွက် သုံးလကြာပြင်ဆင်ခဲ့ရပြီး Nakhon Nayok ဒေသရှိ သူ့နေအိမ်ကနေ ဇန်နဝါရီ ၁၄ရက်တွင် ထွက်ခွာလာခဲ့သည်။
တနင်္လာနေ့တွင် Satun တောင်ပိုင်းဒေသကို ရောက်ရှိလာပြီး ပျမ်းမျှအားဖြင့် တရက်လျှင် ၃၉ ကီလိုမီတာ ခန့် ပြေး၊ လမ်းလျှောက်ခဲ့ရသည် ဟုဆိုသည်။ မစ္စတာဆူထပ်သည် သူလုပ်ဆောင်ချက်များကို လူမှုကွန်ယက်တွင် တင်ခဲ့ပြီး လမ်းတလျှောက် လူအများအပြားထွက်လာကာ စိတ်ခွန်အားများပေးခဲ့ကြသည်။
လွန်ခဲ့သည် ၅လခန့်အကြာက Ms Thanapa ကို လူမှုကွန်ယက်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး သူမမှာ ပုဇွန်၊ မျှိုင်ငါးပိ၊ ပင်လယ်စာအခြောက်များ ကို TikTok ပေါ်တွင် ပို့စ်တင်ကာ ရောင်းချသူတစ်ဦးဖြစ်သည်။
မစ္စတာ ဆူထပ် သည် သူမ TikTok အက်ပလီကေးရှင်း မှ တဆင့် စျေးရောင်းနေချိန်တွင် ပထမဆုံးလာနှုတ်ဆက်ခဲ့ပြီး ပန်းပွင့်ပုံများ သူမထံပို့ကာ ပုဇွန်ငါးပိ များကိုလည်းမှာယူခဲ့သည် ဟု မစ္စ ထနာပါ မှပြောသည်။
နောက်ပိုင်းတွင် မစ္စ ထနာပါသည် မိမိထံစျေးဝယ်သူများကို မေးနေကျအတိုင်း လူမှုကွန်ယက်ပေါ်တွင် ပုဇွန်ငါးပိများ အရသာရှိ၊မရှိ ကို မေးမြန်းခဲ့သည်။ ပြီးလျှင် ဆက်လက်၍ စကားပြောဖြစ်ကြပြီး အချိန်ကြာလာသည်နှင့်အမျှ ရင်းနှီးကျွမ်းဝင် လာခဲ့ကြသည်။ နောက်ဆုံးတွင် မစ္စတာ ဆူထပ်မှ ချစ်သူ ရှိမရှိကို မေးမြန်းခဲ့သည်ဟု ဆိုသည်။
မစ္စ ထနာပါက သူမအနေဖြင့် အိမ်ထောင်ကွဲပြီးကတည်းကပင် တစ်ယောက်တည်းနေလာသည်မှာ ၁၀ ရှိပြီဖြစ်ကြောင်း၊ အိမ်ထောင်ရှိစဥ်က ရခဲ့သည့် သားသမီးလေးဦးမှာလည်း အရွယ်ရောက်ကြပြီဖြစ်ကြောင်းကို ပြန်ဖြေကြားခဲ့သည်။
မစ္စ ထနာပါ ကလည်း မစ္စတာ ဆူထပ် သာ သူ့အသက်အရွယ်ရှိလျှင် သူမအနေဖြင့် သူ့ရည်းစားဖြစ်ရန် မေးမြန်းခဲ့လိမ့်မည်ဟု ညူတုတုဖြင့် သူ့ကို ပြောပြခဲ့သည်။
မစ္စတာ ဆူထပ်က ထိုစိတ်ကူးအတွက် အလွန်ပျော်ခဲ့ရပြီး အသက်အရွယ်ကွာဟချက်ကို ထည့်တွက်သူမျိုးမဟုတ်ကြောင်း မစ္စ ထနာပါမှ ဆိုသည်။
ထို့ကြောင့် မစ္စ ထနာပါမှ သူ၏ မေတ္တာစစ်မှန်မှုကို သက်သေပြရန် Satun ဒေသသို့ လမ်းလျှောက် (သို့) ပြေးလာခိုင်းခဲ့သည်။ ထိုအခါ မစ္စတာ ဆူထပ်မှ လာခဲ့မည် ဟု ပြောခဲ့ပြီး ဗယ်လင်တိုင်းနေ့တွင် ရောက်လိမ့်မည် ဟု ပြောခဲ့သည်။
“လူမှုကွန်ယက် မရှိဘဲနဲ့တော့ ဒီလိုရက်မျိုး ရှိလာနိုင်မှာ မဟုတ်ပါဘူး” ဟု မစ္စတာ ဆူထပ်မှ ဆိုသည်။
“ကျွန်မ အရမ်းစိတ်လှုပ်ရှားတယ်၊ ဆွံ့အသွားခဲ့ရပါတယ်ရှင်၊ သူ့ကို အရမ်းကျေးဇူးတင်ပါတယ်” ဟု အပြုံးကြီးပြုံးလျှက် မစ္စ ထနာပါမှ ဆိုသည်။
အင်္ဂါနေ့တွင် ဒေသတရားရုံး၌ သူတို့တရားဝင် လက်ထပ်ခြင်းကို Thung Wa ဒေသ အကြီးအကဲ Narong Noothiam က မှတ်တမ်းတင်ခဲ့ပြီး အနာဂတ်တွင် ပျော်ပျော်ရွင်ရွင်နှင့် ရွှေလက်တွဲသွားနိုင်ကြရန် ဆုတောင်းပေးခဲ့သည်။
Bangkok Post သတင်းစာပါ Farmer walks 1,200km to marry sweetheart on Valentine’s Day ကို ကျော်ဇံ ဘာသာပြန်ထားသည်။
