
AB News – ဇူလိုင် ၂၆၊ ၂၀၂၅
နွယ်စိုး
ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းတွင် “ကိုမေ” တိုင်ဖွန်းမုန်တိုင်းကြောင့် လူ ၂၅ ဦးသေဆုံးပြီး လူပေါင်း ၂ သိန်း ၇ သောင်းကျော်ကို အရေးပေါ် ရွေ့ပြောင်းထားရကြောင်း ဖိလစ်ပိုင်သတင်း ဌာနများတွင်ဖော်ပြထားသည်။
”ကိုမေ” တိုင်ဖွန်းမုန်တိုင်းသည် ဇူလိုင်၂၄ ရက်နေ့၊ ညနေပိုင်းကစပြီး ဖိလစ်ပိုင် နိုင်ငံ၊ လူဇူကျွန်းအနားရှိ ပန်ဂါဆီနန်ပြည်နယ်၊ အဂိုနိုမြို့ကို စတင်ဝင်ရောက်ပြီး တစ်နာရီလျှင် ၇၄ မိုင်နှုန်းကနေ ၁၀၂ မိုင်အထိ တိုက်ခတ်သွားခဲ့သည်ဟု လို့ ဖိလစ်ပိုင် မိုးလေဝသဌာနက ထုတ်ပြန်သည်။
အဆိုပါ မုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံ၏ မြောက်ဖက်သို့ ဆက်လက်ရွေ့လျားပြီး ယနေ့ နေ့လယ် ပိုင်းအထိ တစ်နာရီကို ၆၂ မိုင်နှုန်းဖြင့် ဆက်လက်တိုက်ခတ်နေသည်ဟု ဆိုထားသည်။
မုန်တိုင်းကြောင့် ဖိလစ်ပိုင် နိုင်ငံတဝန်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကာ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲခြင်း၊ မြေပြိုခြင်းနှင့်လျှပ်စစ်ဓာတ်လိုက်ခြင်းများကြောင့် လူ ၂၅ ဦးသေဆုံးကာ ၈ ဦးထက်မနည်း ပျောက်ဆုံးနေသည်ဟု ဖော်ပြထားသည်။
နိုင်ငံတဝန်း လူနေအိမ် ၃၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး မုန်တိုင်းဒဏ်သင့်ဒေသများနှင့် ရေလွှမ်းဒေသများက လူပေါင်း ၂၇၈၀၀၀ ခန့်ကို ဘေးလွှတ်ရာသို့ ရွေ့ပြောင်းထားရသည်ဟု ဖိလစ်ပိုင်သဘာဝအရေးပေါ်စီမံခန့်ခွဲရီးဌာနက ထုတ်ပြန်သည်။
ယင်းအပြင် မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံပြည်နယ် ၃၅ ခုတွင် စာသင်ကျောင်းများကို ဆက်ပိတ်ထားရပြီး မြို့ပေါင်း ၇၇ မြို့ထက်မနည်းကို သဘာဝဘေးအန္တရာယ်ကြေညာချက် ထုတ်ပြန်ထားသည်။
ဖိလစ်ပိုင်နိုင်ငံတွင် မိုးဦးကာလကစပြီး မုန်တိုင်း ၅ ခု တိုက်ခတ်ခဲ့ကာ နောက်ထပ်မုန်တိုင်း ၁၀ ကျော် ဝင်ရောက်ပြီး တိုက်ခတ်ဖွယ်ရှိသေးကြောင်းလည်း ဖိလစ်ပိုင်မိုးလေဝသဌာနက သတိပေးထုတ်ပြန်ထားသည်။