
ABN-မေအိအိအောင်
ဖိလစ်ပိုင်ကမ်းလွန်ပြင်တွင် နစ်မြုပ်သွားသည့် ရေနံတင်သင်္ဘောမှ ရေနံယိုစိမ့်ကာ ကန်းရိုးတန်းသို့ရောက်ရှိလာပြီး ကမ်းရိုးတန်းတစ်လျှောက်တွင်နေထိုင်သည့် ဒေသခံ ၄၀ ကျော် နာမကျန်းဖြစ်ခဲ့ကြောင်း အစိုးရတာဝန်ရှိသူများကပြောသည်။
စက်မှုလုပ်ငန်းသုံး လောင်စာဆီ လီတာ ၈၀၀,၀၀၀ ကိုတင်ဆောင်ထားသည့် Princess Empress ခေါ် ရေနံတင်သင်္ဘောသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း မနီလာမြို့တော် တောင်ဘက်ရှိMindoro ကျွန်းကမ်းလွန်တွင် နစ်မြုပ်ခဲ့ကြောင်းသိရသည်။
နစ်မြုပ်သွားသည့် Princess Empress ရေနံတင်သင်္ဘောမှ ရေနံများယိုစိမ့်ကာ ဖိလစ်ပိုင်နိုင်ငံ Oriental Mindoro ပြည်နယ်၏ ကမ်းရိုးတန်း နယ်မြေ ၉ ခုထိပျံ့နှံ့ရောက်ရှိသွားကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Humerlito Dolor ကပြောသည်။
ထိုကဲ့သို့ ရေနံများ ပျံ့နှံ့ရောက်ရှိသွားမှုကြောင့် ကမ်းရိုးတန်းတစ်လျှောက်တွင် နေထိုင်သည့် ကျေးရွာများမှ ဒေသခံ ၄၃ ဦးမှာ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း ၊ မအီမသာဖြစ်ခြင်းစသည့် ဝေဒနာများ ခံစားနေရကြောင်း ပြည်နယ်ကျန်းမာရေးအရာရှိ Cielo Ante က ပြောသည်။
ဒီဇယ်နှင့် ထူထပ်သည့်ရေနံများကြောင့် ရေပြင်ကိုညစ်ညမ်းစေသည့်အပြင် ထိုဒေသရှိ ပေါများသည့်ရေနေသတ္တဝါများနှင့် စီးပွားရေးအတွက်စိုးရိမ်နိုင်ကြောင်းသိရသည်။
သင်္ဘောမှ ရေနံယိုစိမ့်မှုသည် ခန့်မှန်းခြေအားဖြင့် သန္တာကျောက်တန်း ၅၉၁ ဟက္တာ၊ လမုတော ၁,၆၂၆ ဟက္တာ နှင့် ပင်လယ်ရေမှော် ၃၆၂ ဟက္တာ ကို ထိခိုက်သက်ရောက်နိုင်ကြောင်း ဖိလစ်ပိုင်အစိုးရ သဘာဝပတ်ဝန်းကျင် ဆိုင်ရာဝန်ကြီး Maria Antonia Loyzage ကပြောသည်။
ရေနံပျံ့နှံမှုနှင့်ပတ်သက်ပြီး ကမ်းရိုးတန်းတစ်လျှောက်ရှိရွာများမှ ထောင်ချီသည့် တံငါသည်များကို ဘေးကင်းစွာဖြင့် ငါးဖမ်းနိုင်သည်အထိ ပင်လယ်ထဲ မဆင်းရန်နှင့် ရေဆင်းမကူးကြရန် အစိုးရအဖွဲ့က သတိပေးတားမြစ် ပိတ်ပင်ထားကြောင်း သိရသည်။
လက်ရှိတွင် ကမ်းရိုးတန်းဒေသခံများနှင့် ကမ်းခြေစောင့်တပ်ဖွဲများက ရေနံဖုံးနေသည့် ပင်လယ်ရေမှော်များနှင့် ကမ်းခြေရှိ တခြားအမှိုက်များကို ရှင်းလင်းနေကြောင်းသိရသည်။
Source-CNN/Philstar Global






