Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပြင်သစ်နိုင်ငံတွင် ဆယ်ကျော်သက်လူငယ်တစ်ဦးအား ရဲတပ်ဖွဲ့က ပစ်သတ်မှုဖြစ်ပွားပြီးနောက် ဆူပူအုံကြွမှုများ ဆက်တိုက်ဖြစ်ကာ သယ်ယူပို့ဆောင်ရေးများ ရပ်ဆိုင်းထားရန် ပြင်သစ်အစိုးရ ပြောကြား

ABN-နွယ်စိုး

ဇူလိုင် ၁ ရက်

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ အင်္ဂါနေ့က ပြင်သစ်နိုင်ငံတွင် ဆယ်ကျော်သက်လူငယ်တဦးကို ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ပြီးနောက် ဆူပူအုံကြွမှုများ ၃ ည ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးများရပ်ဆိုင်းထားရန် ဒေသဆိုင်ရာ အာဏာပိုင်များကို အစိုးရက သောကြာနေ့တွင် ပြောကြားလိုက်သည်။

ည ၉ နာရီမှစက ပြင်သစ်နိုင်ငံတဝန်း ဘတ်စ်ကားနှင့် ရထား သွားလာမှုအားလုံးကို ရပ်တန့်ရန် ဒေသဆိုင်ရာ အာဏာပိုင်များကို ပြည်ထဲရေးဝန်ကြီးဌာနက ညွန်းကြားလိုက်ပြီး ညမထွက်ရ အမိန့်ကိုလည်း ထုတ်ပြန်ထားကြောင်း သိရသည်။

အကြမ်းဖက်မှုများ နှိမ်နင်းနိုင်ရန် လာမည့် နာရီပိုင်းအနည်းငယ်တွင် အဆုံးအဖြတ်ပေးမှာဖြစ်ပြီး ဆူပူအုံကြွမှုများကို နှိမ်နင်းနိုင်ရန် ကြိုးစားနေသည့် ရဲအရာရှိများနှင့် မီးသတ်တပ်ဖွဲ့များ၏ အားထုတ်မှုများကို အားကိုး အသိအမှတ်ပြုကြောင်း ပြည်ထဲရေးဝန်ကြီး ဂျာရဲလ် ဒါမန်နင် Gerald Darmanin က ပြောကြားထားသည်။

အဆိုပါဖြစ်ရပ်များတွင် ရဲအရာရှိ ၄၅,၀၀၀ ခန့်ဖြန့်ကျက်ထားရ၍ ရဲ အရာရှိ ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ကာ သောကြာနေ့အထိ ဆန္ဒပြသူ ၈၇၅ ဦးကို ဖမ်းဆီးထားသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

ထို့အပြင် ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်သည် ၄င်း၏ နိုင်ငံ၌ ဆူပူအုံကြွမှုများ ဖြစ်ပွားနေစဥ် ဘယ်လ်ဂျီယံက ဥရောပသမဂ္ဂနိုင်ငံများ ထိပ်သီးအစည်းအဝေးတွင် တက်ရောက်နေခြင်းကနေ ရပ်တန့်ပြီး သောကြာနေ့တွင် ချက်ချင်း ပြန်ရောက်လာခဲ့သည်။

၄င်းအနေဖြင့် ဆူပူအုံကြွမှုကို လှုံဆော်သည့် ဗီဒီယိုဖိုင်ကို ဖယ်ရှားရန်နှင့် အကြမ်းဖက်မှု ဖြစ်ပွားအောင် လှုံ့ဆော်ပေးသော သူများကို ထုတ်ဖော် ပေးရန် ဆိုရှယ်မီဒီယာများကို တောင်းဆိုခဲ့သည်။

ပြင်သစ် ဝန်ကြီးချုပ် အယ်လီဇဘက်ဘွန်း Elisabeth Borne ကလည်း အကြမ်းဖက်မှုကို လုံးဝ သည်းခံမည် မဟုတ်ဘဲ နည်းလမ်းကုန်သုံးပြီး ရပ်တန့်မည် ဟု ဆိုသည်။

အသက် ၁၇ နှစ်အရွယ် Nahel M. ဆိုသူ ဆယ်ကျော် သက် လူငယ်လေး တဦးသည် မြို့တော် ပါရီ၏ အလုပ်သမားလူတန်းစား ဆင်ခြေဖုံးရပ်ကွက်တွင် အင်္ဂါနေ့တွင် ရဲက တားဆီးစစ်ဆေးချိန်၌ ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

ထိုဖြစ်စဥ်နှင့် ပတ်သက်၍ ဗီဒီယို မှတ်တမ်း ထွက်လာပြီးနောက် ထိုဖြစ်စဥ်များကို ဆန့်ကျင်ကြသည့် နောက်ဆက်တွဲ အကြမ်းဖက်မှုများ ဖြစ်လာပြီး ဆူပူအုံကြွမှုများသည် ပါရီတင်မကပဲ မာဆေး၊ လီယွန်၊ အစရှိသည် တခြား မြို့များကိုလည်း ပျံ့နှံ့ခဲ့ကာ ဆူပူအုံကြွသူများသည် အဆောက်အအုံများနှင့် မော်တော်ယာဥ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး စတိုးဆိုင်များလည်း လုယက်ခံခဲ့ရသည်။

ဂျနီဗာက ကုလသမဂ္ဂလူ့အခွင့်အရေးရုံးအနေဖြင့် ငြိမ်းငြိမ်းချမ်းချမ်းနှင့် စုဝေး ဆန္ဒထုတ်ဖော်ကြရန် ပြောကြားထားကာ ရဲတပ်ဖွဲ့ဝင်များအနေနှင့်လည်း အင်အားသုံးဖြိုခွင်းရာတွင် ဆင်ဆင်ခြင်ခြင်လုပ်ကြရန် ပြောကြားထားသည်။

ဆယ်ကျော်သက် လူငယ်အား သေနတ်ဖြင့် ပစ်ခဲ့သည့် ရဲအရာရှိက အစိုးရရှေ့နေများဆီတွင် ပစ်ခတ်ခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့သည်။

ရဲအရာရှိသည် Voluntary Homicide ဟု ခေါ်သည့် ကြိုတင်ကြံစည်ခြင်းမရှိပဲ ရုတ်တရက် ဖြစ်လာသည့် အခြေအနေတွင် တုန့်ပြန်ရင်း ကျူးလွန်ခဲ့သော လူသတ်မှု အမျိုးအစားဖြင့် တရားစွဲဆို ခံရနိုင်ဖွယ်ရှိနေသည်။

အဆိုပါ ဆူပူအုံကြွမှုများကြောင့် အဆောက်အအုံ ၄၉၂ ဆောင် ပျက်စီးခဲ့ပြီး ယာဥ်အစီး ၂၀၀၀ ကျော် မီးလောင်ခဲ့ကာ တစ်နိုင်ငံလုံး မီးလောင် ကျွမ်းမှုအတိုင်းအတာတွင် ၃၈၈၀ မှု ဖြစ်ပွားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပါတီခေါင်းဆောင်တစ်ဦး သေဆုံးပြီးနောက် နိုင်ငံအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ ရဲအရာရှိ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူ တစ်ဦး သေဆုံး