သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းနှင့် မြင်းမူ လေကြောင်းတိုက်ခိုက်ခံရ၍ ကလေးငယ်များ သေဆုံးမှုအပေါ် UNICEF မှ ပြင်းထန်ရှုတ်ချ



‎AB News – ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆

‎မြန်မာနိုင်ငံအနှံ့ အရှိန်မြင့်တက်လာနေသော စစ်ရေးပဋိပက္ခများအတွင်း အရပ်သားပြည်သူများနှင့် အပြစ်မဲ့ကလေးငယ်များကို ပစ်မှတ်ထားတိုက်ခိုက်ခံနေရခြင်းအပေါ် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

‎​​ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃၊ ၂၄ ရက်နေ့များတွင် ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်တို့မှ လူနေအိမ်များနှင့် စစ်ဘေးရှောင်မိသားစုများ ခိုလှုံရာ ကျေးရွာအတွင်းရှိ လူစည်ကားရာ ဈေးများကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

‎ယင်းတိုက်ခိုက်မှုများအတွင်း ကလေးငယ် ၅ ဦးသေဆုံးခဲ့ရပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည့်အ​​ပြင် အရပ်သားအများအပြား သေဆုံးကာ ပြင်းထန်ဒဏ်ရာရရှိခဲ့​​သလို တစ်ကျော့ပြန် စစ်​ရေးပဋိပက္ခအတွင်း ကလေးငယ်များနှင့် အရပ်သားပြည်သူများမှာ အဆိုးရွားဆုံး သားကောင်များ ဖြစ်နေရကြောင်း UNICEF က ဆိုသည်။

‎လက်ရှိဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကြောင့် ကလေးငယ်များမှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးကဲ့သို့ အသက်သွေးကြောဆိုင်ရာ ဝန်ဆောင်မှုများ ဆုံးရှုံးနေကြရကာ ဘေးကင်းလုံခြုံစွာ နေထိုင်ခွင့်နှင့် ကာကွယ်စောင့်ရှောက်ခံရမှုများ ကင်းမဲ့နေကြောင်း UNICEF က ထောက်ပြထားသည်။

‎UNICEF အနေဖြင့် ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအားလုံးကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများ (International Humanitarian Law) အရ လိုက်နာရမည့် တာဝန်ဝတ္တရားများကို အပြည့်အဝ စောင့်ထိန်းကြရန် တိုက်တွန်းထားသည်။

‎ထို့အပြင် “ကလေးငယ်များသည် မည်သည့်အချိန်တွင်မဆို ကာကွယ်စောင့်ရှောက်ခြင်း ခံရမည်ဖြစ်သည်” ဟူသော မူဝါဒကိုလည်း အလေးအနက်ထား ပြောဆိုထားသည်။

‎လက်ရှိတွင် UNICEF သည် မြန်မာနိုင်ငံတစ်ဝန်းရှိ ပဋိပက္ခဒဏ်သင့် ကလေးငယ်များနှင့် ၎င်းတို့၏ မိသားစုများအတွက် လိုအပ်သော အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးလျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


‎#AB_News #ArakanBayNews #MilitaryCommission #Bombed #Ponnagyun #Myinmu #Killed #5Children #injured #3Children #Myanmar

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ