သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပါလက်စတိုင်းနိုင်ငံ မထူထောင်မချင်း လက်နက်မချဟု ဟားမားစ် ပြော

AB News – ဩဂုတ် ၄၊ ၂၀၂၅
နွယ်စိုး

လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်သော ပါလက်စတိုင်းနိုင်ငံတစ်ရပ် မထူထောင်မချင်း လက်နက်ချမည်မဟုတ်ကြောင်း ဟားမားစ်က ထုတ်ဖော်ပြော ကြားလိုက်သည်ဟု Reuters သတင်းဌာနတွင် ဖော်ပြသည်။

ပါလက်စတိုင်းပြည်သူများ၏ နိုင်ငံသားအခွင့်အရေးများ အပြည့်အဝ ပြန်လည်ရရှိသည်အထိ ခုခံတိုက်ခိုက်မှုနှင့် လက်နက်များကို စွန့်လွှတ်မည် မဟုတ်ဟု ဟားမားစ်က အခိုင်အမာဆိုသည်။

ဟားမားစ် နှင့် အစ္စရေးတို့သည် အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ ပြန်လွှတ်ပေးရေးအတွက် ဂါဇာတွင် ရက်ပေါင်း ၆၀ ကြာ ဆွေးနွေးခဲ့ကြသော်လည်း မည်သည့်သဘောတူညီချက်မှ မရရှိဘဲ ယခုသီတင်းပတ်အတွင်း ဆွေးနွေးပွဲများ ပြီးဆုံးသွားခဲ့သည်။

အစ္စရေးအနေဖြင့် ဟားမားစ်တို့ လက်နက်ဖျက်သိမ်းရေးသည် နှစ်နိုင်ငံပဋိပက္ခကို အဆုံးသတ်နိုင်မည့် အဓိကအချက်ဖြစ်သည်ဟု ယူဆထားသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဟားမားစ်တို့သည် အစ္စရေးတောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လူ ၁,၂၀၀ ကျော် သေဆုံးပြီး ၂၅၁ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ပြီးခဲ့သည့်လက အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အနာဂတ် ပါလက်စတိုင်းနိုင်ငံသည် အစ္စရေးကို ဖျက်ဆီးမည့် အုတ်မြစ်တစ်ခုသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဇူလိုင်လ ၃၀ ရက်နေ့တွင် အစ္စရေးနှင့် အမေရိကန်တို့ ဆွေးနွေးခဲ့ရာ ဟားမားစ်တို့ကို လက်နက်ဖြုတ်သိမ်းရန်၊ ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးကို စစ်တပ်ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ရန်နှင့် ဖမ်းဆီးခံထားရသူအားလုံးကို ပြန်လွှတ်ပေးရန် ကြိုးပမ်းသွားရန် သဘောတူညီခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ဗြိတိန်၊ ကနေဒါနှင့် ပြင်သစ်အပါအဝင် နိုင်ငံအချို့က ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုသွားမည်ဟု မကြာသေးမီက ထုတ်ပြန်ကြေညာထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ