Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပါကစ္စတန်ရေဘေးဒဏ်အတွက် အမေရိကန်ဒေါ်လာ ကိုးဘီလီယံကျော်လှူဒါန်းရန်အတွက် နိုင်ငံပေါင်း ၄၀ နီးပါးမှ အလှုူရှင်များသဘောတူ

ABN – မေအိအိအောင်

ပါကစ္စတန်နိုင်ငံအတွင်း ဆိုးရွားစွာဖြစ်ပွားခဲ့သည့် ရေဘေးသင့်မှုကို ပြန်လည်ထူထောင်ရန် ဂျီနီဗာညီလာခံတွင် နိုင်ငံ ၄၀ မှ အလှူရှင်များက အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော်ကို ထောက်ပံ့ကူညီရန် သဘောတူညီချက်ရရှိခဲ့ကြောင်း ပါကန်စ္စတန်အစိုးရ၏ ထုတ်ပြန်ချက်အရသိရသည်။

ပါကစ္စတန်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လ ၁၄ ရက်မှ အောက်တိုဘာလအထိ ရေကြီးမှု ဖြစ်ပွားခဲ့ကာ အဆိုပါ ‌ရေကြီးမှုကြောင့် လူပေါင်း ၁၇၃၉ ဦးသေဆုံးခဲ့သည်။ ထို့အပြင် နိုင်ငံရှိလူဦးရေ ၃၃ သန်းကျော် ထိခိုက်မှုများ ရှိခဲ့သည့်အပြင် လူပေါင်းကိုးသန်းနီးပါး ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရကြောင်းသိရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ပါကစ္စတန်၀န်ကြီးချုပ် ရှာဟ်ဘ်ဇ် ရှရီဖ်နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီ ဂူတာရက်ဇ်တို့သည် ဇန်န၀ါရီလ ၉ ရက်နေ့က ဂျီနီဗာတွင် ညီလာခံတစ်ခုကို ဖိတ်ခေါ်ကျင်းပခဲ့ကြောင်းသိရသည်။

ဂျီနီဗာညီလာခံကို နိုင်ငံပေါင်း ၄၀ နီးပါးမှ တာ၀န်ရှိသူများနှင့် ပုဂ္ဂလိက အလှူရှင်များအပါအ၀င် အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းများတက်ရောက်ခဲ့ပြီး ညီလာခံ၌ ပါကန်စ္စတန်တွင် ဖြစ်ပွားခဲ့သည့် ရေဘေးသင့်မှုကို ပြန်လည်ထူထောင်ရေးလုပ်ရန် လိုအပ်သည့် အမေရိကန်ဒေါ်လာ ၁၆.၃ ဘီလီယံ၏ ထက်၀က်နီးပါးကို ထောက်ပံ့ကူညီရန်သဘောတူညီချက်ရရှိခဲ့ကြောင်း AIJazeera သတင်းဌာနတွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ပါကန်စ္စတန် ရေကြီးမှုမှာ စံချိန်တင်မိုးရွာသွန်းမှု ၊ ရေခဲမြစ်များ အရည်ပျော်မှုနှင့် ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပြီး ကမ္ဘာ့အသေအပျောက်အများဆုံးနှင့်နိုင်ငံ၏ အဆိုးရွားဆုံး ရေကြီးမှုအဖြစ် သတ်မှတ်ခံခဲ့ရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကလည်း အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သဖြင့် နေအိမ်များစွာပျက်စီးခဲ့ရပြီး အင်ဒိုနီးရှားနိုင်ငံတွင် ထိုရေကြီးမှုကြောင့် လျှစ်စစ်ဓာတ်အားပြတ်တောက်ကာ နိုင်ငံတကာလေယာဉ်ခရီးစဉ်များကို ဖျက်သိမ်းခဲ့ရသည့်အတွက် ခရီးသည် သောင်းချီ၍ လေယာဉ်ကွင်း၌ သောင်တင်နေခဲ့ရသည်။

ပါကစ္စတန်ရေဘေးဒဏ်အတွက် အမေရိကန်ဒေါ်လာ ကိုးဘီလီယံကျော်လှူဒါန်းရန်အတွက် နိုင်ငံပေါင်း ၄၀ နီးပါးမှ အလှုူရှင်များသဘောတူ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ