
AB News-ဇူလိုင် ၁၈၊၀၂၅
မျိုးဟိန်း
ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့က ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးပြီး ၂၄ နာရီအတွင်း ၆၃ ယောက်ထက်မနည်း သေဆုံးကာ ၂၉၀ ခန့်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတကာသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
သေဆုံးသူအများစုမှာ ၎င်းရေကြီးမှုဖြစ်စဥ်အတွင်း အဆောက်အဦးပြိုကျမှုကြောင့် အများအပြားသေဆုံးခဲ့ရပြီး ရေနစ်သေဆုံးသူများနှင့် ဓာတ်လိုက်သေဆုံးသူများလည်း ရှိကြောင်း ပါကစ္စတန် အမျိုးသား သဘာ၀ဘေးစီမံခန့်ခွဲမှု အဖွဲ့က ပြောဆိုထားသည်။
ပါကစ္စတန်မြို့တော် အစ္စလာမ္မာဘတ်အနီး ရာဝယ်ပင်ဒီတွင် ၎င်းနေ့ကို ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးခဲ့ပြီး မိမိနေအိမ်တွင် နေထိုင်ကြရန် နှင့် မြစ်၊ ချောင်းအနီးနေထိုင်သည့် ပြည်သူများကို ဘေးလွတ်ရာသို့ ပြောင်းရွေ့ရန် ညွှန်ကြားထားကြောင်း သိရသည်။
ပါကစ္စတန်တွင် ဇွန်လနှောင်းပိုင်း မုတ်သုံရာသီ စတင်ချိန်မှစပြီး ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ ၁၈၀ အထိရှိလာသည့်အပြင် သေဆုံးသူများ၏နှစ်ပုံတစ်ပုံမှာ ကလေးငယ်များဖြစ်ကြောင်း ဖော်ပြထားပြီး ရေကြီးမှုကြောင့် ပန်ဂျပ်တခွင် အမြန်လမ်း အများအပြားကို ပိတ်ခဲ့ရကာ လေယာဉ်ခရီးစဉ်များကိုလည်း ဖျက်သိမ်းခဲ့ရကြောင်း ဆိုသည်။
ထိုပြည်နယ်အတွင်း ဒေသအများအပြားကို အရေးပေါ်အခြေအနေအဖြစ် ကြေညာထားကာ ပြီးခဲ့သည့် ဇူလိုင် ၁၆ရက်နေ့ မိုးရေချိန် ၄၀၀ မီလီမီတာအထိ ရွာသွန်းခဲ့သော ချက်ဝယ်လ်မြို့ကိုလည်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
လူဦးရေ သန်း ၂၅၀ ကျော်ရှိသည့် ပါကစ္စတန်တွင် မကြာသေးမီနှစ်များအတွင်း ရာသီတုဖောက်ပြန်မှုကို အဆိုးရွားဆုံးခံခဲ့ရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အပြင် ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံသုံးပုံတစ်ပုံ ရေဘေးသင့်ခဲ့ပြီး လူပေါင်း ၁၃၀၀၀ ကျော်သေဆုံးကာ ဒေါ်လာ ၃၀ ဘီလီယံခန့် ပျက်စီးခဲ့ဆုံးရှုံးခဲ့ရသည်။