
AB News – ဖေဖော်ဝါရီ ၁၈ ၊ ၂၀၂၆
Marlar Win
ပလက်ဝမြို့တွင် ၇၈ ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပြီး ULA/AA မှ တာဝန်ရှိသူများ တက်ရောက်ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ချင်းအမျိုးသားနေ့ အခမ်းအနာသို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ ဂုဏ်ပြုသဝဏ်လွှာပေးပို့ပြီး အခမ်းအနားတွင် ဖတ်ကြားကာ ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေပိုင်းအချိန်တွင် ၇၈ ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားအား အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေတစ်နေရာတွင် စည်စည်ကားကား ကျင်းပပြုလုပ်ခဲ့ကြောင်း ပလက်ဝမြို့နယ်မှ ချင်းအမျိုးသားတစ်ဦးက ဆိုသည်။
ချင်းလူမျိုးများ၊ ချင်းမျိုးနွယ်စုဝင်များနှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)မှ တာဝန်ရှိသူများ၊ ခရိုင်ပါတီမှ အကြီးအကဲများနှင့် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများ တက်ရောက်၍ ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။
အာရက္ခပြည်အတွင်းရှိ မြို့နယ်အများစုကို အာရက္ခတပ်တော်က အလုံးစုံ အပြည့်အဝ ထိန်းချုပ်ပြီးနောက် အာရက္ခဒေသတွင်းနေ လူမျိုးအသီးသီးများ၏ အမျိုးသားနေ့ အခမ်းအနားများကို ဂုဏ်ယူဝင့်ကြွားစွာ ကျင်းပခွင့်ရရှိလာကြောင်း ရက္ခိုင်တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူများက ဆိုကြသည်။
ချင်းမျိုးနွယ်စုများအနေဖြင့် အမျိုးသားတန်းတူအခွင့်အရေး၊ အာရက္ခတိုင်းပြည်တည်ဆောက်ရေးနှင့် ဒေသဖွဲ့ဖြိုးရေးကဏ္ဍများတွင် အတူတကွ ပါဝင်တည်ဆောက်ကြရန် ယခုကျရောက်သည့် ၇၈ ကြိမ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ ပေးပို့ဂုဏ်ပြုသည့် သဝဏ်လွှာတွင် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရှိရသည်။