သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝတွင် သံဖြူအချပ် ၂၀၀၀ နီးပါး တင်ဆောင်လာသော စက်လှေ ၁ စီးရေနစ်မြုပ်

AB News – ဇန်နဝါရီ ၂၁ ၊ ၂၀၂၆

ပလက်ဝခရိုင် ၊ ပလက်ဝမြို့ ဆိပ်ကမ်း အနီး သံဖြူအချပ် ၂၀၀၀ နီပါးတင်ဆောင်လာသော စက်လှေ ၁ စီး ရေနစ်မြုပ်သွားခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက် ၊ နံနက်အစောပိုင်း ၁ နာရီအချိန်တွင် သံဖြူတင်ဆောင်လာသော စက်လှေမှာ သံဖြူအလေးချိန်များသောကြောင့် တစ်ဖက်စောင်းကာ ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။

နစ်မြုပ်သွားသောစက်လှေမှာ ဟောင်နွမ်းနေပြီဖြစ်ပြီး ပျဥ်ပြားကြားများမှ ရေဝင်ကာ ရေစုပ်စက်ဖြင့် စုပ်ပစ်သော်လည်း စက်လှေပေါ်တွင် သံဖြူဝိတ်များသည့်အတွက် နစ်မြုပ်သွားခဲ့ရခြင်းဖြစ်သည်။

အဆိုပါ စက်လှေမှာ ရှင်းလက်ဝမှ ကျောက်တော်မြို့သို့ သံဖြူတင်ဆောင်ရန် အငှားလိုက်လာသော စက်လှေဖြစ်ပြီး အဆိုပါတင်ဆောင်လာသော သံဖြူများမှာ ကာလပေါက်စျေးဖြင့် မြန်မာငွေကျပ်သိန်း နှစ်ထောင် ရှိကာ အိန္ဒိယမှ ဝယ်ယူလာခြင်းဖြစ်သည်။

ရေနစ်မြုပ်သွားသော စက်လှေကို ပလက်ဝခရိုင်ပါတီ၊ လူငယ်ရေးရာအဖွဲ့၊ မီးသတ်ဖွဲ့နှင့် DLEPS စသည့် ဌာနများမှ ပူးပေါင်းကူညီကယ်ဆယ်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်နေ့လည်း ကျောက်တော်မြို့နယ် ယိုးချောင်းအတွင်း စက်လှေချင်း တိုက်မိ၍ အသက် ၄၀ အရွယ်အမျိုးသား ၁ ဦးသေဆုံးခဲ့သည်။

အလားတူ ဒီဇင်ဘာ ၁၅ ရက်နေ့တွင်လည်း ပေါက်တောမြို့နယ် ၊ ရွှေစေတီဘုရားအနီး ချောင်းကောက်ကွေ့ တွင်စက်လှေချင်း တိုက်မိ၍ အသက် ၅၇ နှစ်အရွယ် အမျိုးသား ၁ ဦးသေဆုံးခဲ့ရသည်။

အဆိုပါ ဖြစ်စဥ်များနှင့် ပတ်သတ်၍ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်များမှ စက်လှေပေါ်တွင် ကုန်ပစ္စည်းများကို အပြည့်အလျှံ မတင်ကြရန်နှင့် စက်လှေခိုင်ခန့်မှုကို အသေချာဂရုစိုက်ကြရန်နှင့် သတိထားသွားလာကြရန် ပြောဆိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ