Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပန်ဂျပ်ရဲများ ဆစ်ခ်လူမျိုး ခွဲထွက်ရေး လှုပ်ရှားသူများကို ရှာဖွေနေစဥ်အတွင်း လူပေါင်း ၂၇ သန်းကို အိန္ဒိယအစိုးရ အင်တာနက်ဖြတ်တောက်

ပန်ဂျပ်ရဲများ ဆစ်ခ်လူမျိုး ခွဲထွက်ရေး လှုပ်ရှားသူများကို ရှာဖွေနေစဥ်အတွင်း လူပေါင်း ၂၇ သန်းကို အိန္ဒိယအစိုးရ အင်တာနက်ဖြတ်တောက်

ABN-ကျော်ဇံ

ရဲများက ဆစ်ခ် ခွဲထွက်ရေးလှုပ်ရှားသူများကို ရှာဖွေနေသည့် အချိန်တွင် ပန်ဂျပ်ပြည်နယ်မှ လူပေါင်း ၂၇ သန်းခန့်နီးပါးကို အိန္ဒိယအာဏာပိုင်များ အင်တာနက်ဖြတ်တောက်ထားသည်မှာ သုံးရက်ကြာရှိလာပြီး နိုင်ငံ၏ ပြီးခဲ့သည့်နှစ်များအတွင်း အရှည်ကြာဆုံး အင်တာနက်ဖြတ်တောက်ခံရခြင်းများထဲမှ တစ်ခုဖြစ်လာသည်။

ဆစ်ခ် ဘာသာဝင် နောက်လိုက်များအတွက် သီးခြားပြည်နယ်ထူထောင်ရန် ကြိုးပမ်းနေသည့် ခါလီစတန် ခွဲထွက်ရေး လှုပ်ရှားမှုအတွင်း နာမည်ကြီး ခေါင်းဆောင်တစ်ဦးဖြစ်သူ Amritpal Singh ကို ဖမ်းဆီးရန် စစ်ဆင်ရေးတစ်ရပ်ကို အိန္ဒိယ အာဏာပိုင်များမှ စတင်ခဲ့ပြီးနောက် ပြီးခဲ့သည့် စနေနေ့တွင် ၂၄ နာရီကြာ အင်တာနက်ဖြတ်တောက်မှုကို ပြုလုပ်သွားမည် ဖြစ်ကြောင်း တရားဝင် ကြေငြာခဲ့သည်။

အင်တာနက်ဖြတ်တောက်ခြင်းက အိန္ဒိယမြောက်ပိုင်းပြည်နယ်ရှိ လူအားလုံးကို ထိခိုက်စေပြီး အင်္ဂါနေ့ နေ့လည်အထိ တတိယအကြိမ် အစိုးရက ပိတ်ဆို့ဖြတ်တောက်ခဲ့သည်။ ငြိမ်းချမ်းရေးနှင့် ပြည်သူလူထုကို ထိခိုက်စေပြီး အကြမ်းဖက်မှုကို လှုံ့ဆော်သည့် မည့်သည် လုပ်ဆောင်မှုမျိုးကို မဆို တားဆီးရန် အဆက်အသွယ်များကို ဖြတ်တောက်နိုင်သည့် ဥပဒေအရ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ပန်ဂျပ်ပြည်နယ်ရှိ ရဲများကမူ အင်တာနက်ဖြတ်တောက်မှုကို သတင်းမှား၊ သတင်းတုများ ပျံ့နှံ့မှုကို ကာကွယ်တားဆီးရန် နှင့် တရားဥပဒေ စိုးမိုးမှု ရှိစေရန် လုပ်ဆောင်ခြင်းဖြစ်သည် ဟု ဆိုကြသည်။

ဒေသတွင်း ရုပ်သံလွှင့်ချန်နယ်မှ ရိုက်ကူးထားသည့် ဗီဒီယိုများတွင် ရာနှင့် ချီသော Singh ထောက်ခံသူများ ပန်ဂျပ် လမ်းများတွင် လမ်းလျောက်ချီတက်နေသည်ကို တွေ့ရပြီး ၄င်းတို့ထဲမှ တစ်ချို့မှာ တုတ်၊ ဓားများကို ကိုင်ဆောင်ထားကြသည်။

ဆစ်ခ် ခေါင်းဆောင် Singh မှ ထွက်ပြေးလွတ်မြောက်နေပြီး အနည်းဆုံး လူပေါင်း ၁၁၂ ယောက်အထိ ဖမ်းဆီးထားသည်ဟု ပန်ဂျပ် ရဲများမှ စနေနေ့တွင် ပြောကြားခဲ့သည်။

ဆယ်စုနှစ်နှင့် ချီ၍ ဆစ်ခ် လူမျိုးတစ်ချို့မှာ ပန်ဂျပ်ပြည်နယ်တွင် ဆစ်ခ် ဘာသာဝင် လူနည်းစုများအတွက် ခါလီစတန်ဟု ခေါ်သည့် လွပ်လပ်သည့် နိုင်ငံတစ်ခု ဖန်တီးနိုင်ရန် တောင်းဆိုလာခဲ့ကြသည်။ ထိုလွတ်မြောက်ရေး လှုပ်ရှားသူများနှင့် အိန္ဒိယ အစိုးရကြား ပြင်းထန်သော ထိတွေ့မှုများ နှစ်နှင့်ချီ၍ ကြုံတွေ့လာခဲ့ရပြီး အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။

၁၉၄၈၊ ဇွန်လတွင် ထိုအကြမ်းဖက်ထိတွေ့မှု အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး အိန္ဒိယစစ်တပ်က လက်နက်ကိုင်ခွဲထွက်ရေး လှုပ်ရှားသူများကို ဖမ်းဆီးရန် Amritsar ရှိ ဆစ်ခ်လူမျိုးတို့ အထွတ်အမြတ်ထားရာ ဘုရားကျောင်း (Golden Temple) ကို စီးနင်းခဲ့ကာ လူပေါင်းထောင်ချီကို သတ်ဖြတ်ခဲ့ပြီး အဆောက်အဦးကိုလည်း တစစီဖြစ်အောင် ဖျက်ဆီးခဲ့သည်။ ထိုကဲ့သို့ အိန္ဒိယအစိုးရမှ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းက ဆစ်ခ်လူမျိုးများကို အကြီးအကျယ် စိတ်နာစေခဲ့ပြီး ထို ဖြစ်ရပ်ပြီးနောက် စစ်ဆင်ရေးကို အမိန့်ပေးခဲ့သော အိန္ဒိယဝန်ကြီးချုပ်ဟောင်း အင်ဒရာဂန်ဒီ မှာ ဆစ်ခ် လူမျိုး သက်တော်စောင့် နှစ်ဦးထံတွင် လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရသည်။

အိန္ဒိယအစိုးရက ခါလီစတန် လှုပ်ရှားမှုကို တရားမဝင် ဟု ကြေငြာထားပြီး အလွန်ကြီးမားသော နိုင်ငံ့လုံခြုံရေးကို ထိခိုက်စေသည့် အန္တရာယ်ဟု ရှုမြင်သည်။ သို့ရာတွင် ထိုလှုပ်ရှားမှုက ပြည်တွင်း၊ ပြည်ပရှိ ဆစ်ခ် လူမျိုး တချို့အသိုင်းအဝိုင်းတွင် ထောက်ခံသည့် ပမာဏတစ်ရပ်ကို ဆက်လက် ထိန်းထားတုန်းပင် ဖြစ်သည်။

ကနေဒါ ကမ္ဘာ့ ဆစ်ခ်အဖွဲ့အစည်း (WSO) ၏ တနင်္ဂနွေနေ့က ထုတ်ပြန်ချက်တွင် Singh ကို ဖမ်းဆီးရန် ကြမ်းတမ်းသည့် စစ်ဆင်ရေးကို ရှုံ့ချထားပြီး Singh ကို ဖမ်းဆီးခြင်းသည် အမှားကို အမှန်လုပ်ရန် နှင့် တရားမဝင် လူသတ်ရန် ကြိုးပမ်းခြင်းအတွက် အသုံးချနိုင်သည့် အတွက်ကြောင့် စိုးရိမ်မိသည် ဟု ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းက Singh ထောက်ခံသူများထဲမှ တစ်ချို့သည် လန်ဒန်ရှိ အိန္ဒိယဆိုင်ရာ အဆင့်မြင့် ကော်မရှင် ရုံးကို စီးနင်းဝင်ရောက်ခဲ့ကြပြီး ယူကေ အာဏာပိုင်များကို ထိုလုပ်ရပ်အတွက် ရှုံ့ချရန် တောင်းဆိုခဲ့ကြသည်။

အိန္ဒိယနိုင်ငံဆိုင်ရာ ဗြိတိန်အဆင့်မြင့် ကော်မရှင်နာ Alex Ellis က ထိုလုပ်ရပ်ကို အလွန်ရှက်ဖွယ်ကောင်းပြီး လုံးဝ လက်သင့် မခံနိုင်သည့် လုပ်ရပ်ဟု ပြောကြားခဲ့သည်။

လွန်ခဲ့သည့် တနင်္ဂနွေနေ့ နှောင်းပိုင်းက အိန္ဒိယ နိုင်ငံခြားရေးရာ ဝန်ကြီးဌာနက ယူကေအစိုးရ အနေဖြင့် ထိုအဖြစ်အပျက်တွင် ပါဝင်ခဲ့သူများကို အလျင်အမြန် စုံစမ်း၊ ဖော်ထုတ်၊ အရေးယူနိုင်ရန် ဆောင်ရွက်လိမ့်မည်ဟု မျှော်မှန်းကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ မြို့မှာ ဒီလိုလုပ်ရပ်မျိုးကို လုံးဝ လုပ်စရာအကြောင်းမရှိပါဘူး။ ဒီနေ့ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သတ်တဲ့ စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်သွားမယ်” ဟု လန်ဒန် မြို့တော်ဝန် Sadiq Khan က တနင်္ဂနွေနေ့က တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

အိန္ဒိယ၏ အင်တာနက် ဖြတ်တောက်ခြင်းများ

တရုတ်ပြီးလျှင် ကမ္ဘာ၏ ဒုတိယအကြီးမားဆုံး ဒစ်ဂျစ်တယ်အသုံးပြုသူ အများဆုံးဖြစ်သော အိန္ဒိယတွင် အင်တာနက် အသုံးပြုသူပေါင်း သန်း ၈၀၀ ကျော်ရှိပြီး အင်တာနက်ဖြတ်တောက်ခြင်းများ ပို၍များပြားလာသည်။

အင်တာနက်လွပ်လပ်ခွင့်ကို စုံစမ်းမှတ်တမ်းယူသည့် နယူးယောက်အခြေစိုက် အကြံပေးအဖွဲ့ Access Now ၏ ယခုလအစောပိုင်းအတွင်း အစီရင်ခံစာ တစ်စောင်တွင် အိန္ဒိယသည် ၂၀၂၂ ခုနှစ်တွင် အင်တာနက်ဖြတ်တောက်မှု ၈၄ ကြိမ်ပြုလုပ်ခဲ့ပြီး လူဦးရေ ၁.၃ ဘီလီယံရှိသော ကမ္ဘာ့အအကြီးမားဆုံး ဒီမိုကရေစီနိုင်ငံက ကမ္ဘာ့အင်တာနက်ဖြတ်တောက်သည့် နိုင်ငံများစာရင်းတွင် ငါးနှစ်ဆက်တိုက် ထိပ်ဆုံးတွင် ရှိခဲ့သည် ဟု ဆိုထားသည်။

“ဒီလိုပိတ်ပင်တားဆီးမှုက သန်းချီတဲ့ လူတွေရဲ့ နေ့စဥ်ဘဝကို နာရီပေါင်း ရာချီပြီး ဒုက္ခရောက်စေခဲ့ပါတယ်” ဟု ယင်းအစီရင်ခံစာက ဆိုသည်။

အင်တာနက် သည် အလွန်များပြားသည့် ကမ္ဘာ့လူဦးရေ၏ လူမှုစီးပွား ဘဝအတွက် အဓိက အခရာကျသည့် အရာတစ်ခုဖြစ်လာခဲ့ပြီး တိုးတက်ဖွံ့ဖြိုးနေသည့် မြို့ကြီးများနှင့် မတိုးတက် မဖွံ့ဖြိုးသည့် ကျေးလက်ဒေသများတို့ကို ဆက်စပ်ပေးသည်။

အိန္ဒိယအစိုးရသည် ပြည်သူလူထု လုံခြုံရေး နှင့် အကြမ်းဖက်မှုများ ဖြစ်ပွားလာနိုင်သည်ကို စိုးရိမ်သည့်အတွက်ကြောင့်ဟု အကြောင်းပြ၍ မြေပြင်ပေါ်တွင် အင်တာနက်ပိတ်ဆို့ခြင်းမှာ သင့်လျော်ကြောင်းပြရန် ထပ်ခါတလဲလဲ ကြိုးပမ်းခဲ့သည်။ သို့ရာတွင် ဝေဖန်သူများက အင်တာနက်ပိတ်ဆို့ခြင်းမှာ လွပ်လပ်စွာ ပြောဆိုခြင်းနှင့် သတင်းအချက်အလက် ရယူနိုင်ခြင်းဆိုသည့် ဒီမိုကရေစီနိုင်ငံ၏ ကတိကဝတ်ကို ထိုးနှက်လိုက်သည့် အရာဖြစ်ကြောင်း ဆိုကြသည်။

By Rhea Mogul, CNN ၏ India cuts internet to 27 million as Punjab police hunt Sikh separatist ကို ကျော်ဇံ ဘာသာပြန်ဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပါတီခေါင်းဆောင်တစ်ဦး သေဆုံးပြီးနောက် နိုင်ငံအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ ရဲအရာရှိ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူ တစ်ဦး သေဆုံး