
AB News – ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆
ဂျူလိုင်
နိုင်ငံတဝှမ်းက မဲများကို ပြန်လည်စီစစ်ရေတွက်ပေးရေးအတွက် တက္ကသိုလ်ကျောင်းသားများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူအချို့ ထိုင်းရွေးကောက်ပွဲကော်မရှင်(EC) ရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။
ထိုင်းနိုင်ငံ အနှံအပြားရှိ ခရိုင်များတွင် မဲရေတွက်မှုဆိုင်ရာ မသာမာမှုများရှိနေကြောင်းနှင့် ဆန္ဒမဲများကို ပွင်းလင်းမြင်သာစွာ ပြန်လည်ရေတွက်ပေးရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
ဆန္ဒပြပြည်သူများက နိုင်ငံတဝှမ်းမှ မဲရေတွက်မှုများကို အများပြည်သူများ သိရှိစေရန် ပွင့်လင်းမြင်သာစွာပြုလုပ်ပေးရန်၊ တာဝန်ပျက်ကွက်မှုကြောင့် ရွေးကောက်ပွဲတွင် မဲလိမ်လည်မှု ဖြစ်ပေါ်စေသူများအပေါ် စုံစမ်းစစ်ဆေးမှုများပြုလုပ်ပေးရန်၊ မဲရုံအလိုက် အသေးစိတ်ရလဒ်များကို ချက်ချင်းထုတ်ဖော်ပြသရန်၊ နိုင်ငံတဝှမ်း မဲများ ပြန်လည်ရေတွက်ပြီးနောက် မည်သည့်မဲဆန္ဒနယ်တွင်မဆို မသာမာမှုများတွေ့ရှိပါက အဆိုပါဆန္ဒနယ်ရှိ ရွေးကောက်ပွဲကို ပယ်ဖျက်ပြီး ရွေးကောက်ပွဲပြန်လည်ကျင်းပပေးရန်နှင့် အထက်ပါ ပြဿနာများကိုဖြေရှင်းပြီးနောက် ဖြစ်ရပ်များကို တာဝန်ယူကြောင်းပြသရန် EC အရာရှိ ၇ ဦး ရာထူးမှ နုတ်ထွက်ပေးရန် တို့ကို တောင်းဆိုခဲ့ကြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ရှိဝန်ကြီးချုပ် အနုတင်ပါတီ (ဖုံကျိုင်ထိုင်းပါတီ – Bhumjaithai Party) က လွှတ်တော်အမတ်နေရာ ၂၀၀ ကျော်ဖြင့် အနိုင်ရရှိခဲ့သည်။
ထို့နောက်တွင် ချွန်ဘူရီခရိုင် မဲဆန္ဒနယ် အမှတ် ၁ တွင် မဲပုံးများကို သေချာ စနစ်တကျ ပိတ်ထားခြင်းများမရှိဘဲ ပွင့်နေသော မဲပုံများရှိနေသည်ဟု အကြောင်းပြချက်ဖြင့် ပြည်သူ့ပါတီထောက်ခံသူများက စတင်ဆန္ဒပြခဲ့ကြသည်။
အလားတူ ချွန်ဘူရီခရိုင်အပါအဝင် ပထုံဌာနီခရိုင် ကျန်ထပူရီ၊ ဖိကျစ်၊ မဟာဆာရခန်း စသည့်ခရိုင်များမှာ ရွေးကောက်ပွဲကော်မရှင် အရာရှိများနှင့် ပြည်သူများကြား အငြင်းပွားမှုများ မြင့်တက်ခဲ့ကြောင်း သိရသည်။