
AB News – ဇန်နဝါရီ ၃၀၊ ၂၀၂၆
နိုင်ငံတစ်ဝန်းရှိ မြို့နယ် ၆၃ ခုတွင် ထုတ်ပြန်ထားသည့် အရေးပေါ်အခြေအနေအမိန့်နှင့် စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်များကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နောက်ထပ် ၃ လ သက်တမ်းတိုးမြှင့်လိုက်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လကုန်ပိုင်းမှ ထုတ်ပြန်ခဲ့သော အမိန့်အမှတ် ၁/၂၀၂၅ နှင့် ၂/၂၀၂၅ တို့ကို ယခုကဲ့သို့ သက်တမ်းထပ်မံတိုးမြှင့်လိုက်ခြင်း ဖြစ်သည်။
ယင်းအမိန့်အရ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများကို နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးလုပ်ငန်းစဉ်များကို အာဏာအပြည့်အဝဖြင့် ထိရောက်စွာ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။
အရေးပေါ်အခြေအနေ ကြေညာထားသည့် မြို့နယ်များမှာ ရှမ်းပြည်နယ်မှ ၁၅ မြို့နယ်၊ ရက္ခိုင်ပြည်မှ ၁၄ မြို့နယ်၊ စစ်ကိုင်းတိုင်မှ ၉ မြို့နယ်၊ ချင်းပြည်နယ်မှ ၇ မြို့နယ်၊ ကချင်ပြည်နယ်နှင့် မကွေးတိုင်းမှ ၅ မြို့နယ်၊ ကယားပြည်နယ်နှင့် မန္တလေးတိုင်းတို့မှ ၃ မြို့နယ်၊ ကရင်ပြည်နယ်မှ ၂ မြို့နယ် တို့ဖြစ်သည်။
စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း မြို့နယ်ပေါင်း ၆၁ မြို့နယ်ကို စစ်အုပ်ချုပ်ရေး (Martial Law) မြို့နယ်များအဖြစ် သတ်မှတ်ခဲ့ပြီး ယခုအခါ အရေးပေါ်အခြေအနေ ကြေညာထားသည့် မြို့နယ် ၆၃ ခုနှင့်အတူ စစ်ရေးအရ ဖိအားပေးမှုများကို ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်သည်။