
AB News – ဇန်နဝါရီ ၂၈၊ ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒရီဘန်ခရိုင်၊ နတ်ချောင်းဆရီ နယ်စပ်ဒေသတွင် နေထိုင်သော ဒေသခံ ဒိုင်းနက် လူမျိုးစုများအပေါ် ARSA အကြမ်းဖက်အဖွဲ့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအား ချက်ချင်းရပ်တန့်ပေးရန်နှင့် လုံခြုံရေး အကာအကွယ်ပေးရန် ဘင်္ဂလားဒေ့ရှ် Tanchangya ကျောင်းသားများဖိုရမ်က ပြင်းပြင်းထန်ထန် တောင်းဆိုလိုက်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက် နှင့် ၂၄ ရက်နေ့များတွင် တောင်ပြိုနှင့် ဂုံဒုံနယ်မြေအတွင်းရှိ အပြစ်မဲ့ ဒိုင်းနက်လူမျိုး ၃ ဦးကို အကြမ်းဖက်အဖွဲ့က လက်နက်အားကိုးဖြင့် ဓားစာခံအဖြစ် ဖမ်းဆီးခြင်း၊ ရိုက်နှက်ညှဉ်းပန်းခြင်း နှင့် အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းများ ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဖမ်းဆီးခံရသူများထဲတွင် စိတ်ဝေဒနာရှင် လူငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ပါဝင်နေကြောင်း သိရသည်။
အကြမ်းဖက် ARSA အဖွဲ့သည် ဒေသခံများအား ၎င်းတို့၏ မြေယာများနှင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းခွင်များသို့ သွားရောက်ခွင့်ကိုပါ ကန့်သတ်ပိတ်ပင်ထားရာ ယင်းလုပ်ရပ်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ဒေသတွင်း တရားဥပဒေစိုးမိုးရေးကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်နေခြင်းဖြစ်ကြောင်း ကျောင်းသားများဖိုရမ်က ဆိုသည်။
ဇန်နဝါရီ ၂၇ ရက်၊ နေ့လယ်ပိုင်းတွင်လည်း တက္ကနပ်ဖ် မြို့နယ်၊ Minabazar Konapara ကျေးရွာအနီး စိုက်ပျိုးခင်းများတွင် အလုပ်လုပ်ကိုင်နေသည့် ကလေးငယ်များအပါအဝင် ဒေသခံများကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က တောတွင်းသို့ အဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားသည့် ဖြစ်စဉ်တစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။
အလားတူ နာဆင်းဒီ (Narsingdi) ခရိုင်တွင်လည်း ခရီးသွားလာနေသည့် သတင်းထောက်များ စီးနင်းလာသော မော်တော်ယာဉ်ကို အကြမ်းဖက်အုပ်စုတစ်စုက တားဆီး၍ ငွေညှစ်တိုက်ခိုက်ခဲ့သည်။
ယင်းကြောင့် ဘင်္ဂလားဒေ့ရှ် ရာဇဝတ်မှုဆိုင်ရာ သတင်းထောက်များအသင်း (CRAB) မှ အဖွဲ့ဝင် ၁၀ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၆ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။
အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ကျောင်းသားများဖိုရမ်က အစိုးရထံ အောက်ပါအတိုင်း တောင်းဆိုထားသည်။
၁။ နတ်ချောင်းဆရီ နယ်မြေအတွင်း လှုပ်ရှားနေသော အကြမ်းဖက်သမားများကို နှိမ်နင်းရန် အထူးလုံခြုံရေး စစ်ဆင်ရေးများ အမြန်ဆုံး ဆောင်ရွက်ပေးရန်။
၂။ ကျူးလွန်သူများကို ချက်ချင်းဖမ်းဆီး၍ တရားဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ် ပေးအပ်ရန်။
၃။ ထိခိုက်ခံရသူများအတွက် ဆေးဝါးကုသမှုနှင့် လျော်ကြေးများ ပေးအပ်ရန်နှင့် ဒေသခံများ ဘေးကင်းစွာ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် လုံခြုံရေး အပြည့်အဝ အာမခံပေးရန်တို့ ဖြစ်သည်။
လက်ရှိတွင် ဘန်ဒရီဘန် နှင့် တက္ကနပ်ဖ်ကဲ့သို့ နယ်စပ်ဒေသများတွင် လက်နက်ကိုင်အဖွဲ့များက ဒေသခံ တိုင်းရင်းသား လူနည်းစုများကို ပစ်မှတ်ထားကာ ပြန်ပေးဆွဲခြင်းနှင့် ငွေညှစ်ခြင်းများ ပြုလုပ်နေခြင်းသည် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ဆိုးရွားစွာ ပျက်ပြားစေလျက်ရှိကြောင်း ပြည်သူများ ကဆိုသည်။
Photo – Hill Voice