သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဒါကာတွင် UN လူ့အခွင့်အရေးရုံး ဖွင့်လှစ်မည်ကို အစ္စလာမ်မစ်အဖွဲ့ ဟီဖာဇတ် ကန့်ကွက်

AB News – ဇူလိုင် ၁၂၊ ၂၀၂၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ကို သုံးနှစ်သက်တမ်းဖြင့် ဖွင့်လှစ်ရန် ကြားဖြတ်အစိုးရ၏ ဆုံးဖြတ်ချက်အပေါ် Hefazat-e-Islam Bangladesh က ပြင်းထန်စွာ ကန့်ကွက်လိုက်ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် ၁၁ ရက်၊ ဂျူးမားဝတ်ပြုပြီးနောက် Baitul Mukarram အမျိုးသားဗလီမြောက်ဘက်ဂိတ်ရှေ့တွင် ပြုလုပ်သော ဆန္ဒပြပွဲ၌ ဟီဖာဇတ်၏ တွဲဖက်အတွင်းရေးမှူးချုပ်နှင့် ဒါကာမြို့ အတွင်းရေးမှူး မော်လာနာ မာမွန်နူလ် ဟက်ခ်က ယခုကဲ့သို့ ပြောကြားခဲ့သည်။

“၁၆ နှစ်ကြာ တရားလက်လွတ် သတ်ဖြတ်မှုတွေ၊ အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်မှုတွေနဲ့ လူသတ်မှုတွေအတွက် တရားမျှတမှု မရရှိသေးခင် နိုင်ငံတကာအဖွဲ့အစည်းတွေကို ဝင်ရောက်ခွင့်ပေးတာဟာ ပြစ်မှုကျူးလွန်သူတွေကို အပြစ်ကနေ ကင်းလွတ်ခွင့်ပေးသလို၊ ပြည်သူလူထုအပေါ် မတရားပြုရာရောက်ပါတယ်” ဟု ဆိုသည်။

ထို့အပြင် “ဘယ်သူကမှ အစိုးရကို မြောင်းတူးပြီး မိကျောင်းဆွဲသွင်းခွင့် မပေးထားပါဘူး။ ဒီလူ့အခွင့်အရေးရုံးကို ဒါကာမှာ ဖွင့်လှစ်ဖို့ ကျနော်တို့ ခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု မာမွန်နူလ်က ထပ်လောင်း ပြောသည်။

မာမွန်နူလ်က “ကြားဖြတ်အစိုးရအနေနဲ့ ဒါကာမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ဖွင့်လှစ်ဖို့ ဆုံးဖြတ်ချက်ကို ချက်ချင်းပြန်မရုပ်သိမ်းဘူးဆိုရင် Hefazat-e-Islam အနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လှုပ်ရှားမှုတွေအတွက် လှုံ့ဆော်ဖို့ ဖိအားပေးခံရပါလိမ့်မယ်” ဟု ဆိုသည်။

ဟီဖာဇတ် (Hefazat-e-Islam Bangladesh) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ သြဇာကြီးမားသော အစ္စလာမ်မစ် ဘာသာရေးအခြေခံ လှုပ်ရှားမှုအဖွဲ့တစ်ခုဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် စတင်ပေါ်ပေါက်လာခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ