
AB News – နိုဝင်ဘာ ၁၈၊ ၂၀၂၅
ချန်ဒြာ
ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာ(Thaksin Shinawatra) တာဝန်ထမ်းဆောင်စဉ် ၂၀၀၆ ခုနှစ်က ၎င်းပိုင်ဆိုင်သော ရှင်းကော်ပိုရေးရှင်း (Shin Corporation) ရှယ်ယာများကို ရောင်းချမှုမှ ရရှိသည့် ပုဂ္ဂိုလ်ရေးဝင်ငွေခွန် ဒဏ်ကြေး၊ ဝန်ဆောင်ကြေးများနှင့် ပတ်သက်ပြီး စုစုပေါင်း ဘတ် ၁၇.၆ ဘီလီယံ ပေးဆောင်ရန် ယမန်နေ့က တရားရုံးချုပ်က အမိန့်ချမှတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။
တရားရုံးချုပ်၏ ဤစီရင်ချက်သည် ယခင်က ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဘက်မှ ရပ်တည်ခဲ့သည့် ဗဟိုအခွန်တရားရုံးနှင့် အထူးအယူခံတရားရုံးတို့၏ ဆုံးဖြတ်ချက်များကို လုံးဝပယ်ဖျက်လိုက်ခြင်းဖြစ်သည်။
ယခင် တရားရုံးများက အခွန်ဌာန၏ ၂၀၁၇ ခုနှစ် အခွန်စည်းကြပ်မှုသည် တရားမဝင်ကြောင်း အကြောင်းပြချက်နှင့် ဖျက်သိမ်းခဲ့သော်လည်း ယခုအခါ တရားရုံးချုပ်ကမူ အခွန်ဌာန၏ လုပ်ဆောင်ချက်များသည် ဥပဒေနှင့်အညီဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
ဤအမှုသည် ၂၀၁၇ ခုနှစ်က အခွန်ဦးစီးဌာနက ထုတ်ပြန်ခဲ့သည့် အခွန်စည်းကြပ်မှုမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ၂၀၀၆ ခုနှစ် အငြင်းပွားဖွယ် ရှယ်ယာရောင်းချမှုသည် သက်ဆင်၏ သားသမီးများက ၎င်း၏ကိုယ်စား ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ ၎င်းသည် ဥပဒေပြင်ဆင်ချက်များအရ နိုင်ငံခြားသားပိုင်ဆိုင်မှု ပမာဏ ပိုမိုမြင့်မားလာပြီးနောက် မကြာမီ ဖြစ်ပွားခဲ့ခြင်းကြောင့် နိုင်ငံရေးအရ အကြီးအကျယ် ဝေဖန်ခံခဲ့ရသည်။
၂၀၂၃ ခုနှစ်တွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ကနဦး တရားရင်ဆိုင်မှုတွင် အခွန်တရားရုံးနှင့် အယူခံတရားရုံးနှစ်ခုစလုံးတွင် အနိုင်ရရှိခဲ့ပြီး ဌာန၏ လုပ်ဆောင်ချက်များမှာ ဥပဒေနှင့် မညီကြောင်း တရားရုံးများက ဆုံးဖြတ်ခဲ့သည်။
သို့သော်လည်း အခွန်ဦးစီးဌာနက တရားရုံးချုပ်အထိ အယူခံတက်ခဲ့ရာ ယခုအခါတွင် ယခင်ဆုံးဖြတ်ချက်များအားလုံးကို ပြန်လည်ဖျက်လိုက်ပြီဖြစ်ကြောင်း သိရသည်။
တရားရုံးချုပ်၏ စီရင်ချက်သည် အခွန်ပေးဆောင်ရန် တာဝန်ကို ပြန်လည်အသက်ဝင်စေခဲ့ကာ နိုင်ငံတော်အခွန်ငွေများကို ပြန်လည်ရရှိရန်နှင့် တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ရန် လမ်းခင်းပေးခဲ့သည်။