
AB News – နိုဝင်ဘာ ၂၄၊ ၂၀၂၅
ချန်ဒြာ
မြန်မာ-ထိုင်းနယ်စပ်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်တို့ နိုဝင်ဘာလ ၂၁ ရက်နေ့ နေ့လယ်ပိုင်းတွင် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး အဆိုပါ နှစ်ဖက် တိုက်ပွဲအတွင်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်အချို့သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မဲကွန်ကင်ရွာဘက်ကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ထို့ကြောင့် ထိုင်းနိုင်ငံ၊ မဲကွန်ကင်ရွာရှိ နေအိမ် ၄ လုံးပျက်စီးသွားပြီး ကားရုံနှင့် ကား အနည်းငယ် ထိခိုက်ပျက်စီးသွားကာ ထိခိုက်ဒဏ်ရာရရှိသူများ မရှိသော်လည်း အဆိုပါဖြစ်စဉ်ကြောင့် ဒေသခံပြည်သူများ တုန်လှုပ်ခြောက်ခြားခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံဘက်သို့ ကျရောက်ပေါက်ကွဲသော လက်နက်ကြီးများမှာ တိုက်ပွဲဖြစ်ပွားနေသည့် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူးကြီးတဖက်ကမ်းမှ စစ်ကော်မရှင်တပ်က ပစ်ခတ်လိုက်သော ၁၂၀ မမ လက်နက်ကြီးတချို့ဖြစ်ကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများအား တုံ့ပြန်သည်အနေဖြင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့များက ၁၂၀ မီလီမီတာ မီးခိုးကျည်တစ်လုံး သတိပေးပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၎င်းတို့သည်လည်း အသင့်အနေအထားအဆင့်ကို မြှင့်တင်ခဲ့သည်။
မြန်မာ-ထိုင်းနယ်စပ် ၅ မြို့နယ်တွင် မောင်းသူမဲ့ ဒရုန်းများနှင့် စောင့်ကြပ်စစ်ဆေးခြင်းအပါအဝင် ဒေသအုပ်ချုပ်ရေးမှူးများ၊ ကင်းသမားများနှင့် ရှေ့တန်းတပ်များကို နေ့ရောညပါ အထူးစစ်ရေးသတိထားရန် ဒေသကွက်ကဲရေးထိုင်းစစ်တပ်က သတိပေးညွှန်ကြားထားကြောင်း သိရသည်။
ထိုကဲ့သို့ ထိုင်း-မြန်မာနယ်စပ်တိုက်ပွဲများကြောင့် မြန်မာနိုင်ငံသား ၁၂၅ ဦးသည် နယ်စပ်တလျှောက်ရှိ လုံခြုံသည့် နေရာများတွင် ခိုလှုံနေကြပြီး ထိုင်းအရာရှိများက လိုအပ်သည့် လူသားချင်းစာနာမှု အကူအညီများပေးအပ်လျက်ရှိကြောင်း သိရသည်။