AB News – ဇန်နဝါရီ၂၂ ၊ ၂၀၂၆
ထိုင်းနိုင်ငံ၊ ဖလန်းဆောင်မြို့တွင် ဇန်နဝါရီ ၂၁ ရက်နေ့၊ နံနက် ၉ နာရီခန့်က ရက္ခိုင်လူမျိုး လင်မယားအချင်းချင်း စကားများရန်ဖြစ်ပြီး လင်ဖြစ်သူက ဝက်အူလှည့်ဖြင့် ထိုးသတ်၍ ဇနီးဖြစ်သူ ပွဲချင်းပြီး သေဆုံးသွားကြောင်း နီးစပ်သူများထံမှ သိရှိရသည်။
ကျုးလွန်သူမှာ ကျော်မင်းနိုင် ၃၇ နှစ်ဖြစ်ပြီး မာန်အောင်မြို့နယ်၊ ပန်းခြံရွာဇာတိဖြစ်သည်။
သေဆုံးသူမှာ မကျော့ကျော့ဝေ ၂၈ နှစ် မာန်အောင်မြို့နယ်၊ ပြားကြီးရွာ ဇာတိ ဖြစ်ကြောင်းသိရှိရသည်။
ဖလန်းဆောင်ရှိ ဆိုင်ကယ်မူလီ လုပ်ငန်းစက်ရုံတစ်ခုအနီး၊ မြန်မာအလုပ်သမားများ နေထိုင်ရာ တန်းလျားတွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး အခန်းကို သော့ခတ်ကာ ထွက်ပြေးသွားကြောင်း သိရှိရသည်။
”သူမရဲ့ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ ၃ ချက်နဲ့လည်ပင်းမှာ ညစ်ထားတဲ့ လက်ရာတွေကို တွေ့ရတယ်။ ရဲသုံးသပ်ချက်က သေဆုံးသူ မကျော့ကျော့ဝေကို တရားခံက ပထမ ဝမ်းဗိုက်ကို ဝက်အူလှည့်နဲ့ ထိုးပီး၊မဆုံးသေးတော့ သေအောင် လည်ပင်းညစ်ခဲ့တာ ဖြစ်နိုင်တယ် ပြောတာ” ဟု သေဆုံးသူနှင့် နီးစပ်သူတစ်ဦးမှပြောသည်။
မှုခင်းဖြစ်စဉ်တွင် ကျူးလွန်သူ ထွက်ပြေးသွားပုံကို အနီးဝန်းကျင်ရှိ အခြားမြန်မာအလုပ်သမားများက မြင်တွေ့ခဲ့ကြသောကြောင့် အခန်းသို့သွားရောက်၍ သေဆုံးသူကို ခေါ်သော်လည်း အသံပြန်မလာသဖြင့် အခန်းသော့ကို ဖျက်၍ ဝင်ရောက်ကြည့်ရှုရာတွင် မကျော့ကျော့ဝေ သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြသည်။
အဆိုပါ ဇနီးမောင်နှံသည် မကြာသေးမီက စကားများပြီး ခွဲနေထိုင်ခဲ့ကြရာမှ အမျိုးသားဖြစ်သူက မကြာခဏ လာရောက်ပြဿနာရှာလေ့ရှိပြီး လာရောက်ချိန်တွင် အငြင်းပွားမှုဖြစ်၍ သတ်ဖြတ်ကာ ထွက်ပြေးသွားခြင်း ဖြစ်နိုင်ကြောင်း နီးစပ်သူများမှ ပြောကြားသည်။
လက်ရှိအချိန်အထိ တရားခံကို မမိသေးဘဲ ရဲတပ်ဖွဲ့မှ ရှာဖွေမှုများ ဆောင်ရွက်နေပြီး မည်သူမဆို ကျော်မင်းနိုင်ကို တွေ့ရှိပါက ဖုန်းနံပါတ် (၀၉၀၇၀၁၉၃၁၇) သို့ အသိပေးဆက်သွယ်ပေးရန် တောင်းဆိုထားသည်။

