AB News – သြဂုတ် ၁၊ ၂၀၂၅
ဒေဝီ
ထိုင်းနိုင်ငံ၌ ပြစ်ဒဏ်ကျခံနေရသည့် မြန်မာအကျဥ်းသား ၁၆၂ ဦးကို မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ရှိ လှေဆိပ်သို့ နှစ်နိုင်ငံတာဝန်ရှိသူများက ယမန်နေ့ ဇူလိုင် ၃၁ ရက်နေ့တွင် လွှဲပြောင်း ပို့ဆောင်ခဲ့ကြောင်း ရနောင်း လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ ပန်းနားရပ်ကွက်ရှိ စူလ်ကာကော် လှေဆိပ်မှတဆင့် ပြစ်ဒဏ်ကျ မြန်မာနိုင်ငံသား ၁၆၂ ဦးကို မြန်မာနိုင်ငံ၊ ကော့သောင်းဘက်သို့ လွှဲပြောင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အလားတူ ထိုင်းနိုင်ငံက ပြီးခဲ့သည့် ဇွန် ၂၅ ရက်နေ့က ပြစ်ဒဏ်ကျ အမျိုးသား ၁၀၄ ဦး နှင့် အမျိုးသမီး ၂၇ ဦးတို့ကို လွှဲပြောင်းပို့ဆောင်ခဲ့ပြီး ရက်ပိုင်းအကြာ ဇွန် ၃၀ ရက်နေ့ကလည်း ပြစဲဒဏ်ကျ အကျဥ်းသား ၉၈ ဦးတို့ကို မြန်မာနိုင်ငံသို့ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထိုင်းနိုင်ငံက နေရပ်သို့ ပြန်ပို့ခံရသည့် မြန်မာအကျဥ်းသားများတွင် အသက် ၁၈ နှစ်နှင့် ၄၀ ကြားရှိ အမျိုးသားများကို စစ်ကောင်စီက ကော့သောင်းမြို့နယ်ရှိ ၎င်း၏ တပ်ရင်းများသို့ စစ်မှုထမ်း လူသစ်စုဆောင်းရန် ခေါ်ဆောင်နေကြောင်းလည်း သိရသည်။

