နွယ်စိုး

ထိုင်း-ကမ္ဘောဒီးယားနယ်စပ် စစ်ရေးပဋိပက္ခကြောင့် ထိုင်းနိုင်ငံသားအချို့က ကမ္ဘောဒီးယားလုပ်သားများကို မောင်းထုတ်ခြင်းများ၊ ရိုက်နှက်ခြင်းများလုပ်နေချိန်ဘန်ကောက်မြို့တွင် မြန်မာလုပ်သားနှစ်ဦး ကမ္ဘောဒီးယားနိုင်ငံသားနှင့် မှားပြီး ထိုးကြိတ်ခံလိုက်ရသည်။
ထိုင်းနိုင်ငံနေရာအချို့မှာ ထိုင်းအမျိုးသားရေးသမားများနှင့် ထိုင်းလူမျိုးအချို့က ကမ္ဘောဒီးယားလုပ်သားများကို မောင်းထုတ်ခြင်း၊ ရှာဖွေရိုက်နှက်ခြင်းများ လုပ်နေသောကြောင့် မြန်မာလုပ်သားများအနေဖြင့် အထူးသတိထားနေထိုင်ကြရန်လည်း ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားအရေးကူညီဆောင် ရွက်နေသူများက သတိပေးထားသည်။
ယနေ့ ဇူလိုင်လ ၂၅ရက်နေ့တွင် ဘန်ကောက်မြို့က ဈေးတစ်ခုမှာ ထိုင်းမျိုးချစ်ဆိုသူများက မြန်မာလုပ်သားနှစ်ဦးကို ကမ္ဘောဒီးယားနိုင်ငံသားထင်မှတ်ပြီး ထိုးကြိတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထိုင်းမျိုးချစ်များ ထိုးကြိတ်ခဲ့သော CCTVရုပ်သံဖိုင်သည် ထိုင်းနိုင်ငံ၏ လူမှုကွန်ရက်အသုံးပြုသူများကြား ပျံ့နှံ့လျက်ရှိနေသည်။
မြန်မာနှင့် ကမ္ဘောဒီးယားလုပ်သားများသည် သဏ္ဍာန်ဆင်တူခြင်းကြောင့် မြန်မာနိုင်ငံသားဆိုသည်ကို သိသာစေရန်သနပ်ခါးလိမ်းထားကြရန်လိုကြောင်းလည်း ထိုင်းရောက် မြန်မာများ အချင်းချင်းပြောဆိုနေကြသည်ဟု သိရသည်။
ထိုင်းရောက်မြန်မာလုပ်သားတစ်ဦးက “မဖြစ်တော့ဘူး မြန်မာမှန်းသိအောင်သနပ်ခါးလိမ်းထားမှ ရတော့မယ်” ဆိုပြီး သနပ်ခါးလိမ်းထားတဲ့ ရုပ်ပုံနဲ့ လူမှုကွန်ရက်မှာတင်ထားသည်။
ထိုင်းတွင် ကမ္ဘောဒီးယားလုပ်သားများ တိုက်ခိုက်ခံရသော ရုပ်သံဖိုင်တစ်ခုလည်း လူမှုကွန်ရက်မှာ ပျံံနှံ့နေပြီး ကမ္ဘောဒီးယားလုပ်သားများ နေရပ်ပြန်ရန် ထိုင်းအာဏာပိုင်များက လုံခြုံရေးယူပေးခဲ့သည်။
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားအရေးကူညီဆောင်ရွက်နေသူများက ထိုင်း-ကမ္ဘောဒီးယား နယ်စပ် စစ်ရေးပဋိပက္ခနှင့် ပတ်သက်ပြီး မြန်မာလုပ်သားများအနေနှင့် သတိထားနေထိုင်ကြရန်နှင့် ဝေဖန်ပြောဆိုခြင်းများ မလုပ်ကြဖို့ သတိပေးပြောကြားလိုက်သည်။
မြန်မာတချို့က ဝေဖန်ပြောဆိုမှုများ လုပ်နေသည့်အပေါ်လည်း မလုပ်ကြဖို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်နေသူများက အကြံပြုထားသည်။