
AB News – ဖေဖော်ဝါရီ ၉၊ ၂၀၂၆
ချန်ဒြာ
ထိုင်းနိုင်ငံတွင် တော်ဝင်ဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်ရန်ကြိုးပမ်းမှုကြောင့် Move Forward ပါတီဝင်အမတ်ဟောင်း ၄၄ ဦးကို ထိုင်းနိုင်ငံ အမျိုးသားအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင် (NACC) က အမှုတည်ဆောက်ကာ တရားစွဲဆိုထားကြောင့် ယနေ့ ထိုင်းသတင်းများ၏ ဖော်ပြချက်အရ သိရသည်။
တော်ဝင်ဥပဒေပုဒ်မ ၁၁၂ သည် ဘုရင်နှင့် တော်ဝင်မျိုးနွယ်များကို အသေရေဖျက်ခြင်း၊ စော်ကားခြင်း၊ ခြိမ်းခြောက်ခြင်းများကို ပြုလုပ်ပါက ထောင်ဒဏ် ၃ နှစ်မှ ၁၅ နှစ်အထိ ချမှတ်ရန် ပြဌာန်းထားသော ပုဒ်မဖြစ်သည်။
အဆိုပါ ပုဒ်မကို Move Forward ပါတီသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်ရေးကာလအတွင်း ပြင်ဆင်ရန်ကြိုးပမ်းမှုကြောင့် ၂၀၂၄ သြဂုတ်လ ၇ ရက်တွင် ပါတီဖျက်သိမ်းခံရပြီး ပါတီခေါင်းဆောင် ဖိထာလင်ဂျာရွန်ရတ် (Pita Limjaroenrat) အားလည်း နိုင်ငံရေးလုပ်ပိုင်ခွင့် ၁၀ နှစ် ပိတ်ထားခဲ့သည်။
Move Forward ပါတီဖျက်သိမ်းခံရပြီးနောက် ပါတီဝင်များသည် ပြည်သူ့ပါတီ (People’s Party) သို့ ပြောင်းလဲပူးပေါင်းခဲ့ကြသည်။
တရားစွဲဆိုခံထားရသူများထဲတွင် PP ဥက္ကဌ နတ္တဖွန် ရွမ်ပန်ရာဝတ်လည်းပါဝင်ပြီး ပါတီအကြီးပိုင်းမှ ၂၅ ဦး အထိပါဝင်ကြောင်း သိရသည်။
အကယ်၍ တရားစွဲဆိုချက်မှာ တရားရုံးမှ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ချမှတ်ပါက ပါတီဝင်ဟောင်း ၄၄ ဦးမှာ လက်ရှိလုပ်ကိုင်နေသည့် နိုင်ငံရေးပါတီများမှ နုတ်ထွက်သွားရနိုင်ပြီး နောက်ထပ် နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ခံရနိုင်ကြောင်း သိရသည်။