
AB News – ဇန်နဝါရီ ၁၁၊ ၂၀၂၆
ထိုင်းနိုင်ငံတောင်ပိုင်းရှိ ပြည်နယ်သုံးခုတွင် ဇန်နဝါရီလ ၁၀ ရက်နေ့ ညပိုင်းက တစ်ညတည်းအတွင်း ဓာတ်ဆီဆိုင် ၁၁ ဆိုင် ဗုံးဖောက်ခွဲတိုက်ခိုက်ခံခဲ့ရကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
မလေးရှားနယ်စပ်နှင့် ထိစပ်နေသော ထိုင်းနိုင်ငံတောင်ပိုင်းရှိ PTT ကုမ္ပဏီပိုင် ဓာတ်ဆီဆိုင်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် မီးလောင်ပျက်စီးနေသည့် ပုံရိပ်များမှာ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။
တိုက်ခိုက်ခံရသည့် နေရာများမှာ နာရာသီဝပ်ပြည်နယ်တွင် ၅ နေရာ၊ ယာလာပြည်နယ်တွင် ၄ နေရာ နှင့် ပတ္တနီပြည်နယ်တွင် ၂ နေရာ တို့ဖြစ်သည်။
ပေါက်ကွဲမှုများမှာ ဆိုင်များပိတ်ချိန်ဖြစ်သည့် ည ၁၀ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ဆိုင်အတွင်း လုံခြုံရေးဝန်ထမ်း အနည်းငယ်သာ ရှိနေချိန် ဖြစ်သည်။
ထို့ကြောင့် လူအသေအပျောက်နှင့် ပတ်သက်၍ အသေးစိတ် မသိရသေးသော်လည်း ပစ္စည်းဥစ္စာ အမြောက်အမြား ပျက်စီးဆုံးရှုံးခဲ့သည်။
ထိုင်းအာဏာပိုင်များက အဆိုပါတိုက်ခိုက်မှုကို ထိုင်း-မလေး နယ်စပ်ရှိ မူဆလင်လက်နက်ကိုင်အဖွဲ့များက လုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟု စွပ်စွဲထားသည်။
လက်ရှိတွင် ဒေသခံပြည်သူများအနေဖြင့် အန္တရာယ်ရှိနိုင်သော နေရာများကို ရှောင်ရှားရန်နှင့် အစိုးရ၏ ထုတ်ပြန်ချက်များကို အထူးဂရုပြု စောင့်ကြည့်ရန် သတိပေးချက်များ ထုတ်ပြန်ထားသည်။