Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းကျောင်းဝတ်စုံ ဝတ်ဆင်ခြင်းနှင့်ပတ်သက်၍ နိုင်ငံခြားသားများကို သတိပေး

ထိုင်းကျောင်းဝတ်စုံ ဝတ်ဆင်ခြင်းနှင့်ပတ်သက်၍ နိုင်ငံခြားသားများကို သတိပေး

ABN-ကျော်ဇံ

ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ကြသော တရုတ်အမျိုးသမီးငယ်များသည် ထိုင်းကျောင်းဝတ်စုံများကို ဝတ်ဆင်ခဲ့ကြသည်။ သို့ရာတွင် သူတို့၏ဝတ်စားဆင်ယင်မှုကို ထိုင်းပညာရေးဝန်ကြီးဌာနအနေဖြင့် သဘောကျပုံမရပေ။

အမှန်တကယ် ကျောင်းသား၊ ကျောင်းသူမဟုတ်သော သူများကို ကျောင်းနာမည် တပ်ဆင်ထားခြင်းမရှိသည့် ကျောင်းဝတ်စုံဝတ်ဆင်ခြင်းကို မတားမြစ်လိုသော်လည်း တစ်စုံတစ်ယောက်က ကျောင်းနာမည်တပ်ထားသည့် ယူနီဖောင်းကိုသာ ဝတ်ဆင်ပါက ထိုကျောင်း၏ နာမည်ဂုဏ်သတင်းကျဆင်းစေမည်ဖြစ်ပြီး ပြဿနာများလည်း ဖြစ်လာနိုင်ဖွယ်ရှိသည်။

ထိုင်းနိုင်ငံသားအများစုနှင့် နိုင်ငံခြားခရီးသွားများမှာ ထိုအချက်ကို သတိမပြုမိကြသော်လည်း ထိုင်းနိုင်ငံတွင် ကျောင်းဝတ်စုံဝတ်ဆင်ခြင်းဆိုင်ရာ ဥပဒေ ရှိပြီး ချိုးဖောက်ပါက အပြစ်ပေးအရေးယူ ခံရနိုင်သည်။

ကျောင်းတံဆိပ်ပါရှိသည့် ယူနီဖောင်းများကို ဝတ်ဆင်ကာ မတော်မရော် ပြုလုပ်ပါက ကျောင်းအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် တရားစွဲဆိုနိုင်ခွင့်ရှိသည်ဟု အခြေခံပညာရေး ကော်မရှင်ဌာန၏ အထွေထွေ အတွင်းရေးမှူး အမ်ဖိုရာ ပီနာဆာ က ထိုင်း ပီဘီအက်စ် သတင်းဌာနသို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ထိုကဲသို့ ထိုင်းကျောင်းဝတ်စုံကို ဝတ်ဆင်သည့် ဖက်ရှင်ခေတ်စားလာခြင်း၏ ဆိုးကျိုးများကို တားဆီးရန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာနတို့ အပါအဝင် အဖွဲ့အစည်းများနှင့် ထိုကိစ္စကို ဆွေးနွေးသွားမည် ဟု ဆိုသည်။

ရှေ့နေတစ်ဦးဖြစ်သူ ရတ်ချာပေါလ် ဆီရီဆာကွန် က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ကျောင်းသား၊ ကျောင်းသူ မဟုတ်ဘဲ ကျောင်းအမှတ်တံဆိပ်ပါသော ဝတ်စုံများကို ဝတ်ဆင်ထားသူများသည် ထိုင်းကျောင်းသား၊ ကျောင်းသူကဲ့သို့အယောင်ဆောင်သည့် အမှုဖြင့် ထိုင်းကျောင်းဝတ်စုံဝတ်ဆင်ခြင်းဆိုင်ရာ ဥပဒေကို ချိုးဖောက်ရာကျပြီး ဘတ်ငွေတစ်ထာင်ထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်သည်။

သို့ရာတွင် မိမိအမည်ကိုသာ တပ်ဆင်ဖော်ပြပြီး ဝတ်စားဆင်ယင်ပါက အရေးယူမည် မဟုတ်ကြောင်း သူက ဆိုသည်။

တရုတ်လူမျိုးများကြားတွင် ဤကဲ့သို့ ထိုင်းကျောင်းဝတ်စုံကို ဝတ်ဆင်သည့် ပေါ်ပင်ဖြစ်သွားခြင်းမှာ A Little Thing Called Love ဟုအများသိကြသည့် First Love အမည်ရသည့် ထိုင်းအချစ်ဟာသဇာတ်ကား တရုတ်နိုင်ငံတွင် နာမည်ကြီးလာခြင်းကြောင့်ဖြစ်သည်။

သို့ရာတွင် ကိုဗစ်ကာလအတွင်း ကျောင်းဝတ်စုံကို ဝတ်ဆင်သည့် ပေါ်ပင်ဖြစ်ခြင်းမှာ နည်းပါးသွားပြီး လွန်ခဲ့သည့် လအတွင်းက နာမည်ကျော် တရုတ်မင်းသမီး၊ အဆိုတော် Ju Jingyi က ထိုင်းကျောင်းသူ ဝတ်စုံကို ဝတ်ဆင်ကာ သူမ၏ ပုံများကို လူမှုကွန်ယက်တွင် ဝေမျှခဲ့သောကြောင့် ထိုကဲ့သို ဝတ်ဆင်ခြင်းများ ပြန်လည် ရေပန်းစားလာခြင်းဖြစ်သည်။

ဓာတ်ပုံစာ-တရုတ်မင်းသမီး၊ အဆိုတော် Ju Jingyi က ထိုင်းကျောင်းသူ ဝတ်စုံကို ဝတ်ဆင်ထားပြီး Social media မှာမျှဝေခဲ့ပုံ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ