ထိုင်းနိုင်ငံတောင်ပိုင်းနှင့် မလေးရှားနိုင်ငံမြောက်ပိုင်းတို့တွင် ဒီဇင်ဘာလ ၁၈ရက်မှ ၂၀ ရက်အထိ မိုးသည်းထန်းစွာ ရွာသွန်းခဲ့မှုတို့ကြောင့် လူ ၁၈ဦးသေဆုံးကာ ပြည်သူများစွာ ရေဘေးအန္တရာယ်နှင့် ရင်ဆိုင်နေကြရကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရသည်။
ထိုင်းနိုင်ငံတွင် ဒီဇင်ဘာလ ၁၈ ရက်မှ၂၀ရက်အထိ မိုးသည်းထန်းစွာ ရွာသွန်းမှုတို့ကြောင့် ရုတ်တရက်ရေကြီးကာ မြေပြိုမှုများ ဖြစ်ပေါ်ကာ ဆူရတ်ဌာနီ၊ နခွန်ထိသာမတ်၊ ထရန်း ၊ ပသူလန်၊ စတွန်း၊ ဆုန်ခလာ ၊ပတ္တာနိ၊ ယာလနှင့် နရ၀တ္တီ၀ပ် စသည့် ပြည်နယ်များတွင် လေပြင်းများတိုက်ခတ်ကာ ကျေးရွာ ၁၄၂၅ ရွာမှ အိမ်ထောင်စု ၆၄၆၂၆ စု ရေဘေးသင့်ခဲ့ကြောင်း ဘေးအန္တရာယ်ကာကွယ်တားဆီးရေးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရေကြီးမှုအတွင်း နရ၀တ္တီ၀ပ်တွင် လူ၃ ဦးသေဆုံးခဲ့ပြီး ယာလတွင်လည်း ရေကြီးမှုပိုမိုဆိုးရွားကာ လူ၁ ဦး ဒဏ်ရာရရှိခဲ့ကာ တစ်ဦး ပျောက်ဆုံးနေကြောင်းသိရသည်။
ရေကြီးမှုအတွင်း လမ်း ၁၇ ခု၊ တံတားတိုင် ၂ခုနှင့် ဓာတ်အားပေးလိုင်းတိုင် ၂၁တိုင် ၊ ဗလီတစ်ခုလည်း ရေနစ်မြုပ်ခဲ့ကာ လူနေအိမ်များပျက်စီးခဲ့သည့်အပြင် စိုက်ပျိုးမြေများလည်း ရေနစ်မြုပ်ခဲ့ကြောင်း သိရှိရသည်။
မလေးရှားနိုင်ငံ Kelantan နှင့် Terengganu ပြည်နယ် နှစ်ခုတွင် လည်းလူ ၅ဦးသေဆုံးကာ လူဦးရေ ၇၂၀၀၀ကျော် နေအိမ်စွန့်ခွာ ရွှေ့ပြောင်းနေရကြောင်း မလေးအစိုးရ သတင်းဌာန Bernama ကပြောဆိုသည်။
Terengganu ပြည်နယ်တွင် ဒီဇင်ဘာ ၁၈ရက်နေ့က အသက်၁၈နှစ်အရွယ် မိန်းခလေးတစ်ဦး ရေစီးနှင့်မျောပါသွားကာ သေဆုံးခဲ့ရပြီး ၊ Kel antan ပြည်နယ်တွင် ဒီဇင်ဘာ၁၉ရက်နေ့ကလည်း ၁ ဦး ရေထဲတွင် လမ်းလျှောက်သွားနေစဥ် ဓာတ်လိုက်ခံရပြီးသေးဆုံးခဲ့သလို အသက်၁၅ နှစ်အရွယ် လူငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ကြရသည်။
ရေကြီးမှုများကြောင့် မလေးနိုင်ငံ Department of Irrigation and Drainage DID ဌာနကလည်း နောက်ထပ် ရေကြီးမှုများ ဖြစ်ပေါ်လာနိုင်၍ ဒေသခံများ ကယ်ဆယ်ရေးစခန်းများကိုရွှေ့ပြောင်းကြရန် တိုက်တွန်းထားပြီး ယာယီကယ်ဆယ်ရေးစခန်းရာနှင့်ချီ စီစဥ်ထားရှိကာ ရွှေ့ပြောင်းသူအရေအတွက်မှာလည်းတိုးလာနေသည်ဟု သိရှိရသည်။
မလေးရှားနိုင်ငံတွင် လူဦးရေ ၃၃သန်းရှိပြီး ရေကြီးရေလျှံမှုများနှစ်စဥ် ကြုံတွေ့ရကာ အဆိုးဆုံးအဖြစ် ၂၁၂၁ခုနှစ် ဒီဇင်ဘာလ ရေကြီးခဲ့မှုအတွင်း လူ ၅၀ကျော် သေဆုံးကာ လူထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြရသည်။





