Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိပ်တန်းသူလျှို အန်နာ မွန်တပ်စ် နှစ်ပေါင်းနှစ်ဆယ်ကျော် အကျဥ်းကျပြီးနောက် ပြန်လွတ်လာ

ABN–ကျော်ဇံ

အမေရိကန်က ဖမ်းဆီးထားသည့် ထင်ရှားကျော်ကြားသော စစ်အေးခေတ် သူလျှိုများထဲမှ တစ်ဦးဖြစ်သည့် အန်နာ မွန်တပ်စ် သည် နှစ်ပေါင်းနှစ်ဆယ်ကျော် အကျဥ်းကျပြီးနောက် လွတ်မြောက်လာပြီဖြစ်သည်။

အသက် ၆၅ နှစ်ရှိပြီဖြစ်သော အန်နာသည် ထောက်လှမ်းရေးဌာနတွင် စိစစ်သူတစ်ဦးအဖြစ် ခန့်အပ်ခြင်းခံရပြီး တာဝန်ထမ်းဆောင်နေစဥ်အတွင်း ကျူးဘားနိုင်ငံအတွက် သူလျှိုလုပ်ပေးခြင်းကြောင့် နှစ်ပေါင်း ၂၀ ကျော် ထောင်ထဲတွင် နေခဲ့ရသည်။

၂၀၀၁ ခုနှစ်တွင် အဖမ်းခံရပြီးနောက် အမေရိကန်အာဏာပိုင်များက အန်နာသည် ကျူးဘားကျွန်းပေါ်ရှိ အမေရိကန်လျှို့ဝှက် ထောက်လှမ်းရေးလုပ်ငန်းများ အားလုံးနီးပါးကို ဖော်ထုတ်ပြောကြားခဲ့သည် ဟု ပြောကြားခဲ့သည်။

အရာရှိတစ်ဦးကမူ အမေရိကန်ဖမ်းမိသမျှထဲ “ပျက်စီးမှုအများဆုံးဖြစ်စေသည့် သူလျှိုများထဲမှ တစ်ဦး” ဟုဆိုသည်။

သမ္မတ ဂျော့ချ် ဘုရှ် လက်ထက် တန်ပြန်ထောက်လှမ်းရေး အကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်ခဲ့သော မီချဲလ် ဗန် ကလီဗ် က ၂၀၁၂ ခုနှစ် လွှတ်တော်ထဲတွင် “အန်နာ မွန်တပ်စ် ဟာ ကျူးဘားနိုင်ငံမာရှိတဲ့ ကျွန်မတို့ လုပ်ဆောင်နေတဲ့ ကိစ္စတွေအားလုံး၊ ကျူးဘားနဲ့ပတ်သက်ပြီး ကျွန်မတို့ သိသမျှအကုန်လုံး၊ မြင်မြင်သမျှ အားလုံးကို အပေးအယူလုပ် လုပ်လိုက်ပြီ” ဟု ပြောကြားခဲ့သည်။

“ဒါကြောင့် ကျူးဘားနိုင်ငံသားတွေဟာ သူတို့နဲ့ပတ်သက်ပြီး ကျွန်မတို့သိသမျှအားလုံးကို သတိထားနေကြပြီး သူတို့အခွင့်အလမ်းကို အသုံးချနိုင်ခဲ့တာ။ ဒါ့အပြင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားလက်ဆုံကျရင် ကျူးဘားနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေအပေါ် လွှမ်းမိုးနိုင်ခဲ့တာ၊ ပြီးရင် သူရထားတဲ့ အချက်အလက်တွေကို တခြားနိုင်ငံတွေကို ပေးဖို့ အခွင့်အလမ်းတစ်ခုကိုတောင် တွေ့ရှိခဲ့တယ်” ဟု ဆိုသည်။

အဖမ်းခံရပြီးနောက် မွန်တပ်စ် သည် ကန့်သတ်ထားသော စာရွက်စာတမ်း အချက်အလက်ပေါင်းမြောက်များစွာနှင့် အမေရိကန် သူလျှို ၄ ဦးတို့၏ အချက်အလက်များကို ပေးခဲ့သည် ဟု စွပ်စွဲခံရပြီး ထောင်ဒဏ် ၂၅ နှစ်ကျခံစေခဲ့သည်။

တရားသူကြီးမှလည်း “တစ်နိုင်ငံလုံးကို ဒုက္ခရောက်အောင် လုပ်ခဲ့သူ” ဟု စွပ်စွဲခဲ့သည်။

သို့ရာတွင် စစ်အေးကာလအတွင်းဖမ်းမိသော တခြားအဆင့်မြင့် သူလျှိုများနှင့် မတူသည်က မွန်တပ်စ်သည် တကိုယ်ရည်ကောင်းစားရေးအတွက် မဟုတ်ဘဲ သူယုံကြည်သည့် အတွေးအခေါ် အိုင်ဒီယိုလိုဂျီ ကြောင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

သူမသည် လက်တင်အမေရိကတွင် ရိုနယ်ရေဂင်အစိုးရ လုပ်ဆောင်ချက်များနှင့် ဆန့်ကျင်သည့် အကြောင်းအရာများအပေါ် အခြေခံလျှက် ကျူးဘားထောက်လှမ်းရေးတွင် တစိတ်တပိုင်းအနေဖြင့် လုပ်ကိုင်ပေးရန် သဘောတူခဲ့သည်။

အထူးသဖြင့် ကာကွယ်ရေးဌာန၏ စုံစမ်းစစ်ဆေးရေးမှူးတွေ့ရှိခဲ့သော အစီရင်ခံစာတစ်ခုတွင် နိုင်ငံအတွင်းကြမ်းကြုတ်ရက်စက်မှုများနှင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်သည်ဟု သံသယရှိသော လက်ယာ သူပုန်အဖွဲ့ နီကရာဂူဝါ ကွန်ထရက်စ် ကို အမေရိကန်အစိုးရက အထောက်အပံ့ပေးခြင်းကြောင့် သူမဒေါသအလွန်ထွက်ခဲ့သည် ဟု ယူဆရသည်။

နီကရာဂူဝါ တွင် အမေရိကန်အစိုးရ၏ လုပ်ဆောင်ချက်များကို ဒေါသထွက်ခဲ့ရပြီးနောက် ၁၉၈၄ခုနှစ် ဂျွန်ဟော့ကင်း တက္ကသိုလ်မှ ကျောင်းသားတစ်ဦး၏ ချဥ်းကပ်ခြင်းကို ခံခဲ့ရသည်။

နောက်ပိုင်းတွင် ကျူးဘားထောက်လှမ်းရေး အေးဂျင့်တစ်ဦးနှင့် မိတ်ဆက်ပေးခဲ့ပြီး နယူးယောက်မြို့ ညစာစားပွဲတစ်ခုတွင် နီကရာဂူဝါကို ကူညီရန် ကျူးဘားနိုင်ငံသားများအတွက် အလုပ်လုပ်ပေးရန် မဆိုင်းမတွ သဘောတူခဲ့သည် ဟု စုံစမ်းစစ်ဆေးရေးမှူး၏ အစီရင်ခံစာတွင် ပါရှိသည်။

နောက်တစ်နှစ်တွင် လေ့ကျင့်‌ရေးအတွက် ဟဗားနားကို ခရီးသွားပြီးနောက် ထောက်လှမ်းရေးအေဂျင်စီ သို့ ဝင်ရောက်ခဲ့ပြီး ကျူးဘားကွန်မြူနစ်အစိုးရနှင့် ဆိုင်သည့် ထောက်လှမ်းရေးအကြီးအကဲ စိစစ်ရေးမှူးတစ်ဦး ဖြစ်လာခဲ့သည်။

ဝါရှင်တန်ဒီစီ စားသောက်ဆိုင်များတွင် ရက်သတ္တပတ်ရံဖန်ရံခါ ကျူးဘား မှ သူလျှိုများနှင့် ဆယ်စုနှစ် နှစ်ခုကျော်ကြာ တွေ့ဆုံခဲ့ပြီး ထိပ်တန်းလျှို့ဝှက်ချက်များပါသော စာများကို ရေဒီယိုလှိုင်းမှတဆင့် လျှို့ဝှက်သင်္ကေ​တများဖြင့် ပို့ပေးခဲ့သည်။

ထို့အပြင် ရေဒီယိုလှိုင်းတိုဖြင့် ပို့ပေးသော သူမလုပ်ဆောင်ရမည့် အမိန့်များကိုလည်း လက်ခံရရှိခဲ့သည်။

နောက်ဆုံးတွင် အမေရိကန်အာဏာပိုင်များမှ အစိုးရအဖွဲ့ဝင်တစ်ဦး ကျူးဘားအတွက် သူလျှိုလုပ်ပေးနေပုံပေါ်သည် ဟု သတင်းစကားတစ်ခုရပြီးနောက် ၂၀၀၁ခု စက်တင်ဘာလတွင် အဖမ်းခံရသည်။

သူမကို ဖမ်းဆီးခဲ့သော အက်ဘီအိုင်‌အေးဂျင့်တစ်ဦးက ဖမ်းဆီးမှုနှင့် ပတ်သတ်၍ သူမက ရဲဝံ့ပုံပေါ်သည် ဟုဆိုသည်။

အကျဥ်းဒဏ်မှ လွတ်မြောက်ပြီးနောက်တွင်လည်း မွန်တပ်စ်သည် စောင့်ကြည့်မှုအောက်တွင် ၅ နှစ်နေရမည်ဖြစ်ပြီး အင်တာနက် အသုံးပြုမှုများကို စောင့်ကြည့်ခံရမည်ဖြစ်သည်။

ထို့အပြင် ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားအေးဂျင့်များနှင့် ဆက်သွယ်ခြင်း သို့မဟုတ် နိုင်ငံခြားအစိုးရအတွက် အလုပ်လုပ်ခြင်းများကို ကန့်သတ်ခြင်းခံရမည် ဖြစ်သည်။

ထိပ်တန်းသူလျှို အန်နာ မွန်တပ်စ် နှစ်ပေါင်းနှစ်ဆယ်ကျော် အကျဥ်းကျပြီးနောက် ပြန်လွတ်လာ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ