Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထရမ့် အဖမ်းခံရပြီလား၊ ပူတင် ထောင်ကျသွားပြီလား၊ AI ဖြင့်ဖန်တီးထားသည့် ပုံအတုများ အွန်လိုင်းပေါ် ပျံ့နှံ့နေ

ABN-ဆောင်းပါး

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်တစ်ယောက် နယူးယော့ခ် အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ ရဲအရာရှိများထံတွင် အဖမ်းခံနေရသည့် ဓာတ်ပုံတစ်ပုံနှင့် ထောင်အင်္ကျီဝတ်ဆင်ထားသည့် ရုရှားသမ္မတ ပူတင်တစ်ယောက် အလင်းရောင်ဖျော့ဖျော့ထွန်းထားသည့် အကျဥ်းခန်းတွင် ရောက်ရှိနေသည့် ပုံတို့ အွန်လိုင်းတွင် ပျံ့နှံ့နေသည်။

သမ္မတ ထရမ့် က ပြစ်မှုကျူးလွန်သည့် စွဲချက်များကို ရင်ဆိုင်နေရသည်၊ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးက သမ္မတပူတင်ကို ဖမ်းဝရမ်းထုတ်လိုက်သည် ဆိုသည့် သတင်းများကြား အလွန်အသေးစိတ်ပြီး လက်ဖျားခါလောက်အောင် ဖန်တီးထားသည့် ဓာတ်ပုံများက တွစ်တာ နှင့် တခြားသော လူမှုကွန်ယက် ပလက်ဖောင်းများပေါ်တွင် မကြာသေးသည့် ရက်ပိုင်းများက အကြီးအကျယ်လွန်းမိုးသွားခဲ့သည်။

သို့ရာတွင် ပုံနှစ်ပုံစလုံးမှာ အစစ်မဟုတ်ပေ။ လူမှုကွန်ယက်တွင် ပျံ့နှံ့နေေသော ၄င်းဓာတ်ပုံများမှာ AI ဖြင့် ဖန်တီးထားသည့် ဓာတ်ပုံများသာ ဖြစ်သည်။

သတင်းတု၊သတင်းမှား ကျွမ်းကျင်သူများက ထိုဓာတ်ပုံများသည် လူထုအတွက်အရေးကြီးသည့် အဓိက သတင်းအဖြစ်ပျက်များ၊ အမှန်နှင့် စိတ်ကူးယဥ်မှုများရောနှောထားသည့် အရာများပြီးနောက် လူမှုကွန်ယက်တွင် ပြည့်နှက်နေသည့် ဓာတ်ပုံ၊ဗီဒီယို အတုများ တစ်သုတ်ပြီး တစ်သုတ် နောက်ထပ်ဖြစ်ပေါ်လာမည့် ဖြစ်ရပ်သစ်တစ်ခု၏ ရှေ့ပြေးများပင် ဖြစ်သည်ဟု သတိပေးကြသည်။

အဲဒီအရာက အရေးကြီးတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်နေတုန်း တကယ့်ကို ဆူညံသံတွေ ထပ်လုပ်လိုက်တာပါပဲ။ ပြီးရင် အဆိုးမြင်ဝါဒကိုလည်းပဲ ပိုတိုးပွားသွားစေပါတယ်။ ကိုယ်ရရှိနေတဲ့ သတင်းအချက်အလက် နဲ့ စနစ်အပေါ်မှာ ယုံကြည်မှုတွေ စတင်ပျောက်ဆုံးတော့တာပါပဲ ဟု သတင်းတု၊ သတင်းမှားများရေးရာ ကျွမ်းကျင်သည့် Seattle ရှိ University of Washington မှ ပါမောက္ခတစ်ဦးဖြစ်သူ Jevin West က ပြောကြားခဲ့သည်။

ပုံအတုများကို ဖန်တီးကာ အသုံးချသည့် စွမ်းရည်မှာ အသစ်အဆန်းတစ်ခု မဟုတ်သော်လည်း Midjourney, DALL-E နှင့် တခြားသူများမှ ထုတ်လုပ်ဖန်တီးထားသည့် AI ဓာတ်ပုံထုတ်ပေးသည့် ကိရိယာ မှ အသုံးပြုရန် ပို၍လွယ်ကူနေခြင်းဖြစ်သည်။ အသုံးပြုသူများမှ ရေးထားသည့် ရိုးရှင်းသည့် စာများထက် မပြောပလောက်သည့် အတိုင်းအတာနှင့် ကွက်တိဖြစ်နေသည့် နောက်ခံပုံရိပ်များနှင့် ပုံအစစ်ကဲ့သို့ ဓာတ်ပုံများကို မြန်ဆန်စွာ ထုတ်ပေးနိုင်သည်။

မကြာခင်က ထုတ်လိုက်သည့် ပုံတစ်ချို့မှာ Midjourney ၏ စာရိုက်လိုက်သည်နှင့် ပုံထွက်သည့် စနစ်၏ ဗားရှင်းအသစ်တစ်မျိုးဖြစ်သော this months release က ဖန်တီးလိုက်ခြင်းဖြစ်ပြီး တခြားအရာများထက် စာရိုက်လိုက်သည်နှင့် ပုံထွက်သည့် စနစ်မှာ သတင်းအေဂျင်စီများ၏ ဟန်ကို အတုခိုးကာ တကယ့်အစစ်ကဲ့သို့ ပုံများကို ထုတ်နိုင်နေပြီ ဖြစ်သည်။

တွစ်တာပေါ်တွင် အကြီးအကျယ်ပျံ့နှံ့နေသည့် ပုံများတွင် နယ်သာလန်အခြေစိုက် စုံစမ်းရေးဆိုင်ရာ သတင်းပညာ စုပေါင်းလုပ်ငန်းဖြစ်သည့် Bellingcat ၏ တည်ထောင်သူ Eliot Higgins က ထရမ့်အဖမ်းခံရသည်ဆိုသော ပုံအများအပြားကို ရုတ်ခြည်းဖန်တီးနိုင်ရန်အတွက် နောက်ဆုံးပေါ် ဗားရှင်းကို အသုံးပြုခဲ့သည်။

လူပေါင်းထောင်သောင်းချီ၍ ဝေမျှကာ like လုပ်ထားကြသည့် ထိုဓာတ်ပုံများတွင် ရစ်ပါဘလီကန် ဘီလီယံနာကြီးကို ယူနီဖောင်းဝတ်ထားသည့် ရဲအရာရှိတစ်စုက ဆွဲထားကြပြီး ပလက်ဖောင်းပေါ်သို့ အင်အားသုံး၍ ဆွဲချနေသည်ကို ပြသထားသည်။

ပူတင်အဖမ်းခံရပြီး တရားခွင်စစ်ဆေးချက်ခံယူကာ ထောင်ချခံလိုက်ရပြီ ဆိုသော ဓာတ်ပုံများကို ဖန်တီးထားသည့် Huggins က မကောင်းသည့် ရည်ရွယ်ချက်ဖြင့် တင်ခဲ့ခြင်း မဟုတ်ကြောင်းဆိုသည်။ တွစ်တာပေါ်တွင် ထိုဓာတ်ပုံများမှာ AI ဖြင့် ဖန်တီးထားသည့် ဓာတ်ပုံများဟု ရှင်းရှင်းလင်းလင်းပင် ဖော်ပြခဲ့သည်။

သို့သော်လည်း Higgins အဆိုအရ ထိုဓာတ်ပုံများမှာ သူ့အနေဖြင့် Midjourney ဆာဗာကို အသုံးပြုခြင်းမှ တားမြစ်ခြင်းခံရရန် လုံလောက်ခဲ့သည်။ ဆန်ဖရန်စ္စကို အခြေစိုက် လွပ်လပ်သည့် သုတေသနအဖွဲ့မှ မှတ်ချက်တောင်းခံသည့် အီးမေးများကို မတုံ့ပြန်ခဲ့ပေ။

ထရမ့် အဖမ်းခံရသည့် ဓာတ်ပုံမှာ Midjourney အနေဖြင့် ပုံအစစ်များကို ဖော်ပြရာတွင် မည်ကဲ့သို့ ကောင်းသည် နှင့် ဆိုးသည် ကိုပါ ပြသနေသည်၊ ဤဓာတ်ပုံများသည် Midjourney ကို ကျွန်တော် စကားလုံးအနည်းကို ပြောလိုက်သည့်အခါ စတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်တော်သည် ဤဓာတ်ပုံများကို စကားလုံးများနှင့် စီစဥ်လိုက်ပြီး ဇာတ်လမ်းကို ပြီးဆုံးအောင်လုပ်ရန် ဆုံးဖြတ်ခဲ့သည် ဟု Higgins က အီးမေးလ်တစ်စောင်တွင် ရေးသားခဲ့သည်။

ဓာတ်ပုံများမှာ လုံးဝကွက်တိဖြစ်ဖို့ ခဲယဥ်းသည် ဟု သူက ထောက်ပြသည်။ တချို့ဓာတ်ပုံများတွင် ထရမ့်ကို ရဲအသုံးအဆောင် ခါးပတ်ကို ပတ်ဆင်ထားသည် ကို မြင်တွေ့ရပြီး အချို့ပုံများတွင် မျက်နှာများနှင့် လက်များမှာ စွေစောင်းနေသည်ကို မြင်ရသည်။

သို့ရာတွင် Huggins ကဲ့သို့ အသုံးပြုသူများမှာ သူတို့ပိုစ့်များတွင် ဓာတ်ပုံများကို AI ဖြင့်ဖန်တီးပြီး ဖျော်ဖြေရေးသက်သက်အတွက်သာ သုံးသည်ဟု ရှင်းပြရုံဖြင့် မလုံလောက်ဟု ပုံသက်သေ အထောက်အထားများနှင့် ပတ်သတ်ပြီး လုပ်ကိုင်သည့် နယူးယော့ခ်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တစ်ခုဖြစ်သော Witness မှ မီဒီယာ နည်းပညာရှင်တစ်ယောက်ဖြစ်သည့် Shirin Anlen မှ ဆိုသည်။

များသောအားဖြင့် တခြားသူများသည် အရေးကြီးသည့် အကြောင်းအရာများကို ဖော်ပြခြင်းမရှိဘဲ ဓာတ်ပုံများကိုသာ လျင်မြန်စွာဖြန့်ဝေကြသည် ဟု သူမကပြောပြသည်။ Huggins ဓာတ်ပုံများထဲက ထရမ့်၏ ဓာတ်ပုံများမှာ အစစ်ဖြစ်သကဲ့သို့ ဝေမျှထားသည့် အင်စတာဂရမ် ပို့စ်တစ်ခုမှ Like အရေအတွက်မှာ ၇၉,၀၀၀ ကျော်အထိရှိသည်။

ကိုယ်ကတော့ ပုံလေးတစ်ပုံတွေ့လိုက်တာပဲ။ ကိုယ်က တခုခုတွေ့လိုက်တာနဲ့ အဲဒီအရာကို ခေါင်းထဲက ထုတ်ပလိုက်ချင်ရင်တောင် မရနိုင်တော့ဘူးလေ ဟု Anlen မှ ပြောသည်။

နောက်ထပ် ဥပမာတစ်ခုတွင် သမ္မတပူတင် ဒူးထောက်လျှက် တရုတ်ခေါင်းဆောင် ရှီကျင်းပင်၏ လက်ကို နမ်းနေပုံ အတုကို လူမှုကွန်ယက်အသုံးပြုသူများက ဝေမျှခဲ့ကြသည်။ ကရင်မလင်သို့ ဤအပတ်အတွင်း အလည်လာရောက်သော ရှီကျင်းပင် ကို ရုရှားသမ္မတက ကြိုဆိုနေစဥ်အတွင်း ထိုဓာတ်ပုံက ပျံ့နှံသွားခြင်းဖြစ်ပြီး ရုတ်တရက်ပင် ရိုင်းစိုင်းသည့် ဟာသပုံတစ်ခု ဖြစ်သွားသည်။

မည်သူက ထိုဓာတ်ပုံကို ဖန်တီးလိုက်သည်၊ မည်သည့်ကိရိယာကို အသုံးပြုထားသည်ကို ရှင်းလင်းစွာမသိရသော်လည်း တချို့အဖြေများမှာ မမှန်ကန်ပေ။ ခေါင်းဆောင်နှစ်ဦး၏ ဖိနပ်များ၊ ခေါင်းများ မှာ အနည်းငယ် စောင်းနေပြီး အခန်း၏အတွင်းပိုင်းမှာလည်း အမှန်တကယ် အစည်းအဝေးကျင်းပခဲ့သည့် နေရာနှင့် ကွဲလွဲမှုရှိနေသည်။

ပုံအတုများနှင့် အစစ်များကို ခွဲခြားရန် အလွန်ခက်လာပြီး မြင်တွေ့ရသည့် သတင်းအတုများကို သိနိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ ပြည်သူများပိုမိုသတိမူလာအောင် လုပ်ဆောင်ပေးခြင်းနှင့် ပညာရေးပင် ဖြစ်သည် ဟု ကျွမ်းကျင်သူများမှ ဆိုကြသည်။

နည်းပညာတွေ ဘယ်လောက်အထိ တိုးတက်နေပြီလဲဆိုတာကို အများပြည်သူ သတိမူလာအောင်လုပ်ဖို့အတွက် ဒီလိုပုံတွေကို ဖန်တီးဖို့ရာ အရမ်းလည်း လွယ်ကူနေပြီဖြစ်သလို အရမ်းလည်း ငွေကြေးကုန်ကျမှု သက်သာနေပါပြီ ဟု West မှ ဆိုသည်။

လူမှုကွန်ယက် ကုမ္ပဏီများသည် AI ဖန်တီးထားသည့် ဓာတ်ပုံများကို စောင့်ကြည့်ရန် နည်းပညာ တိုးတက်ဖွံ့ဖြိုးမှုကို လုပ်ဆောင်နိုင်ပြီး ထိုအကြောင်းအရာများကို သူတို့၏ လူမှုကွန်ယက် ပလက်ဖောင်းများပေါ်တွင် ပေါင်းစပ်ရန် လုပ်ဆောင်သင့်ကြောင်း Higgins မှ အကြံပြုပြောဆိုသည်။

တွစ်တာ တွင် လိမ်လည်လှည့်စားရန် သို့ ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့် အတုဖန်တီးထားသော၊ မရိုးမသား လုပ်ထားသော သို့မဟုတ် မီဒီယာ အကြောင်းအရာ နှင့် မသက်ဆိုင်သော အရာများ ကို ပိတ်ပင်တားဆီးရန် မူဝါဒ တစ်ရပ်ရှိသည်။ တချို့တွစ်တာပို့စ်များတွင် ထရမ့်ဓာတ်ပုံများမှာ အေအိုင်နှင့် လုပ်ထားခြင်းဖြစ်သည် ဆိုသည့် အကြောင်းအရာတွင် ပါဝင်စေရန် တွစ်တာ၏ အသုံးပြုသူများ၏ သတင်းအချက်အလက်ကို အခြေခံသည့် အချက်အလက်စစ်ဆေးရေး ပရောဂျက်တစ်ခုဖြစ်သော Community Notes မှ မှတ်ချက်များကို ထည့်သွင်းဖော်ပြထားသည်။

ကြာသားပဒေးနေ့တွင် မှတ်ချက်တောင်းခံမှုများကို ကုမ္ပဏီဖက်ကို ရောက်ရှိသွားသည့်အခါတွင် ကုမ္ပဏီဖက်မှ အလိုအလျောက်တုံ့ပြန်သည့် စနစ်ဖြင့်သာ အီးမေးလ် ပြန်ပို့လာသည်။

Facebook နှင့် Instagram တို့၏ မိခင်ကုမ္ပဏီ Meta က မှတ်ချက်ပေးရန် ငြင်းဆိုသည်။ ထရမ့်ပုံများထဲမှ တစ်ချို့ကို Third-party အချက်လက်အလက် စစ်ဆေးရေး ပရိုဂရမ်မှတစ်ဆင့် ပုံအမှား ၊ အကြောင်းအရာလွဲချော်ခြင်း စသည်ဖြင့် ခေါင်းစဥ်တပ်ကြပြီး ထိုပရိုဂရမ်တွင် အေပီသတင်းဌာနလည်း ပါဝင်သည်။

အသစ်ပေါ်ပေါက်လာသည့် နည်းပညာများကို လေ့လာစောင့်ကြည့်သော နယူးယော့ခ်ရှိ the Carnegie Council for Ethics in International Affairs ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော Arthur Holland Michel က ကမ္ဘာကြီးအနေဖြင့် ထပ်မံဖြစ်လာမည့် ထင်ယောင်ထင်မှားဖြစ်စေသော လှည့်စားမှုများအတွက် အဆင်သင့် မဖြစ်သေးသည်ကို သူ့အနေဖြင့် စိုးရိမ်မိသည် ဟု ပြောသည်။

သာမန်လူများပါဝင်သော Deepfakes (ဥပမာ ပါတနာဟောင်း၊ အပေါင်းအသင်းတစ်ဦးကို ထိခိုက်စေသော ပုံအတုများ) ကို မည်သို့ အသုံးချဖြန့်ဝေမည်ကို သူက သိချင်နေသည်။

မူဝါဒရေးရာ ရှုထောင့်ကဆိုရင်တော့ လူမှုအသိုင်းအဝိုင်း အဆင့်တိုင်းမှာ ဒီလိုသတင်းမှား၊ သတင်းတုတွေနဲ့ ပတ်သတ်တဲ့ အတိုင်းအတာကို ဖြေရှင်းဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပြီလား ဆိုတာ ကျွန်တော် သေချာ မပြောနိုင်ပါဘူး။ ကျွန်တော့်စိတ်အထင်တော့ ဒီလိုသတင်းတုတွေကို တားဆီးဖို့ စိတ်ထဲမှာ မတွေးဖူးသေးတဲ့ နည်းပညာ တိုးတက်မှုတစ်ခုဖြစ်လာလိမ့်မယ် ဟု အီးမေးလ်တစ်စောင်တွင် Micheal က ရေးသားခဲ့သည်။

ARIJETA LAJKA and PHILIP MARCELO ၏ AP သတင်းပါ Trump arrested? Putin jailed? Fake AI images spread online ကို ကျော်ဇံ ဘာသာပြန်ဆိုသည်။

ထရမ့် အဖမ်းခံရပြီလား၊ ပူတင် ထောင်ကျသွားပြီလား၊ AI ဖြင့်ဖန်တီးထားသည့် ပုံအတုများ အွန်လိုင်းပေါ် ပျံ့နှံ့နေ

ထင်မြင်ယူဆချက်‌‌ပေးရန်