သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထရမ့် မှတ်တမ်းရုပ်သံတည်းဖြတ်မှု ဝေဖန်ခံရသောကြောင့် BBC ကို သတိပေး စာလွှာပေးပို့ခဲ့

AB News – နိုဝင်ဘာ ၁၁၊ ၂၀၂၅
ချန်ဒြာ

BBC ၏ စုံစမ်းဖော်ထုတ်တင်ပြသော အစီအစဉ်တစ်ခုဖြစ်သည့် Panorama အစီအစဉ်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မိန့်ခွန်းမှတ်တမ်းတည်းဖြတ်တင်ဆက်မှုနှင့်ပတ်သတ်၍ BBC ၏ တင်ဆက်မှုမှာ ဘက်လိုက်လုပ်ဆောင်မှုများအပေါ် ဝေဖန်မှုများဖြစ်ပေါ်လာခဲ့ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရန့်က တရားစွဲမည်ဟု သတိပေး ခြိမ်းခြောက်စာပေးပို့ခဲ့ကြောင်း Fox News Digital ၏ ဖော်ပြချက်အရ သိရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် သမ္မတဒေါ်နယ်ထရမ့်က Capitol Hill သို့ ချီတက်ကြရန် ပြောဆိုခဲ့သော မိန့်ခွန်းကို BBC ၏ Panorama အစီအစဉ်တွင် တင်ဆက်ရာတွင် မိန့်ခွန်းအား ရှေ့နောက်လှည့်ကာ တည်းဖြတ်တင်ဆက်ခဲ့သည်။

ထို့ကြောင့် သမ္မတထရမ့်၏ မိန့်ခွန်းမှာ “ကျနော်တို့ Capital ကို ချီတက်ကြမယ်။ ပြီးတော့ အပြင်းအထန်တိုက်ခိုက်ကြမယ်” ဟု ရှေ့နောက်လှည့်ကာ တည်းဖြတ်တင်ဆက်ခဲ့ပြီး မူရင်းမိန့်ခွန်းမှာ စကားရပ်နှစ်ခုကြားတွင် မိနစ် ၅၀ ခန့်ကွာခြားနေသည်ကို တွေ့ရှိရသည်။

အဆိုပါ တည်းဖြတ်မှုကြောင့် သမ္မတထရမ့်သည် Capitol Hill အဓိကရုဏ်းကို ၎င်းက အားပေးအားမြှောက် ပြုသကဲ့သို့ ပုံရိပ်ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည့်အတွက် ဝေဖန်မှုများ မြင့်တက်သွားခဲ့ခြင်းဖြစ်သည်။

BBC ဥက္ကဌ Samir Shah က သမ္မတဒေါ်နယ်ထရမ့်၏ မိန့်ခွန်းတည်းဖြတ်တင်ဆက်ခဲ့သည့်ပုံစံမှာ “ချင့်ချိန်ဆုံးဖြတ်မှု အမှား” ဖြစ်ကြောင်းနှင့် ယင်းအတွက် တရားဝင် ဝန်ခံတောင်းပန်ခဲ့သည်။

ထို့နောက် သတင်းဆိုင်ရာ အမှုဆောင် အရာရှိချုပ် ဒက်ဘိုရာတားနက်စ်နှင့် ညွှန်ကြားရေးမှူးချုပ်တင်မ်ဒေးဗီးတို့ နိုဝင်ဘာလ ၉ ရက်နေ့ ညနေပိုင်းက ရာထူးမှ နုတ်ထွက်သွားခဲ့ကြသည်။

သမ္မတဒေါ်နယ်ထရမ့် ဥပဒေအဖွဲ့က အဆိုပါမှတ်တမ်းနှင့် ပတ်သက်ပြီး BBC အနေဖြင့် လုံးဝမှားယွင်းကြောင်း ပြောဆိုပြီး ပြန်လည်ရုတ်သိမ်းပေးရန်နှင့် တောင်းဆိုချက်များအား လိုက်နာရန် တရားဝင် သတိပေးစာစောင်ကို ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၄ ရက်၊ ညနေ ၅ နာရီ နောက်ဆုံးထား ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြောဆိုချက်အား လိုက်နာရန်ပျက်ကွက်ပါက နစ်နာကြေး ဒေါ်လာ ၁ ဘီလီယံနှင့် ဥပဒေအရ တရားစွဲဆိုသွားမည်ဟု သမ္မတဒေါ်နယ်ထရမ့်၏ ဥပဒေရေးရာ အဖွဲ့က BBC ကို ပေးပို့ခဲ့ကြောင်း အမေရိကန် မီဒီယာများတွင်ဖော်ပြသည်။

BBC က သမ္မတထရမ့်၏ ဥပဒေရေးရာစာကို လက်ခံရရှိထားကြောင်းနှင့် သတ်မှတ်ချိန်အတွင်း တိုက်ရိုက်တုန့်ပြန်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်