
AB News – ဇန်နဝါရီ ၂၀၊ ၂၀၂၆
ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ အောင်မြေသစ်ကိုယ်ပိုင်ကျောင်းတွင် အဆောင်နေ G-12 ကျောင်းသူအား အဓမ္မပြုကျင့်ခဲ့သည့် ကျောင်းပိုင်ရှင်၏ သားဖြစ်သူ ဖမ်းဆီးခံထားရပြီး ကျောင်းကို ချိတ်ပိတ်ထားကြောင်း သိရသည်။
ကျောင်းသူအား အတင်းအဓမ္မပြုကျင့်ခဲ့သူမှာ ကျောင်းပိုင်ရှင်သား ဇာနည်သွေးဖြစ်ပြီး ၎င်းမှာ အဆိုပါ ကျောင်းတွင်စာပြနေသည့် ကျောင်းဆရာတစ်ဦးလည်းဖြစ်သည်။ လက်ရှိတွင် ၎င်းအား တောင်ကြီးရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့၊ နေ့လယ် ၁၂ နာရီ၊ ၃၀ မိနစ်တွင် G-12 ကျောင်းသူတစ်ဦး ခေါင်းကိုက်သဖြင့် ဆရာမအား တိုင်၍ အဆောင်တွင် ပြန်နားနေစဉ် အဆောင်ပိုင်ရှင်သားရောက်လာပြီး အတင်းအဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အမျိုးသမီးတစ်ဦးက “အဲ့ဒီ မုဒိန်းကောင်ရဲ့ အမေက အနိုင်ကျင့်ခံရတဲ့ ကလေးမကို နင်က တားဆေးသောက်လိုက်ရင် ပြီးတဲ့ကိစ္စ ငါ့သားက အမှုရင်ဆိုင်ရတော့မယ် ဆိုပြီး ပြောသေးတာတဲ့။ အဲ့လိုအမေရှိလို သားက ဒီလိုလုပ်ရဲတာ။ အဲဒီကောင်မှာ ရည်းစားလည်းရှိတယ်။ သူ့ရည်စားနဲ့က ယူကာနီးဆိုပဲ” ဟု အွန်လိုင်းပေါ်တွင် ရေးသားဖော်ပြထားသည်။
လက်ရှိတွင် အဆိုပါကျောင်းသူမှာ ဆေးဝါးကုသမှုခံယူထားရဆဲဖြစ်ကြောင်း သိရသည်။
ကျူးလွန်သူ ဇာနည်သွေးသည် ၂၀၂၅ ခုနှစ်၊ ဇွန်လမှ ဘန်ကောက်တွင် ကျောင်းတက်နေရာမှ ပြန်လာပြီး မိဘပိုင် အောင်မြေသစ်ကိုယ်ပိုင်ကျောင်းတွင် ဆရာအဖြစ် ပြန်လုပ်ကိုင်နေခြင်းဖြစ်သည်။
ထို့ပြင် လာမည့် ဖေဖော်ဝါရီလတွင် ၎င်းချစ်သူနှင့် မင်္ဂလာဆောင်တော့မည် ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ ကိုယ်ပိုင်ကျောင်းတွင် သင်ကြားရေး ဆရာ၊ ဆရာမ ၂၆ ဦး၊ စီမံဝန်ထမ်း ၉ ဦး ရှိပြီး လက်ရှိအဆောင်၌ ကျောင်းတက်ရောက်နေသူ ကျောင်းသား ၁၇၈ ဦး၊ ကျောင်းသူ ၂၄၆ ဦး၊ စုစုပေါင်း ၄၂၄ ဦး ရှိကာ အဆောင်နေ ကျောင်းသား ၁၀၁ ဦး၊ ကျောင်းသူ ၁၀၆ ဦး၊ စုစုပေါင်း ကျောင်းသား/သူ ၂၀၇ ဦး ရှိကြောင်း သိရသည်။
ယခုကိစ္စနှင့် ပတ်သက်၍ မြို့ခံပြည်သူများမှာ တရားစီရင်ရေးအပိုင်းကို စိတ်ဝင်တရားစောင့်ကြည့်နေကြပြီး ကျူးလွန်သူနှင့် အဓမ္မပြုကျင့်မှုဖြစ်စဉ်ကို ဖုံးကွယ်ပြီး ကျူးလွန်သည့် သားဖြစ်သူကို ကာကွယ်ပေးရန် လုပ်ဆောင်နေသည့် ကျောင်းပိုင်ရှင်အား ထိထိရောက်ရောက်အရေးယူပေးရန်လည်း ပြည်သူများက တောင်းဆိုနေကြသည်။