AB News-ဒီဇင်ဘာ ၂၉၊ ၂၀၂၅
တောင်ကိုးရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများသည် စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြောင်း ယမန့်နေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့က ဆိုးလ်မြို့ရှိ အရပ်ဘက်သံရုံးနှင့် စစ်ဘက်သံရုံးများရှေ့၌ သတင်းစာရှင်းလင်းပွဲနှင့် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ လှုပ်ရှားမှုနှင့် ပတ်သက်၍ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) အတွင်းရေးမှူး ကိုလင်းအိမ်က စစ်အာဏာရှင်စနစ် မကျဆုံးမချင်း လူထုတော်လှန်ရေးကို ဆက်လက်အားကောင်းစွာ ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
မနက်ပိုင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကိုရီးယားရောက် မြန်မာနိုင်ငံသားများအနေဖြင့် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ညီညွှတ်စွာ လက်တွဲပြီး တော်လှန်ရေးတာဝန်များကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ထို့အပြင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ ဦးဝင်းပေါ်မောင်က ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးခဲ့သူများ အများအပြားရှိခဲ့သော်လည်း ယခုအချိန်တွင် မဲပေးသူ တစ်ဦးမျှ မရှိကြောင်းနှင့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် ကောင်းမွန်သည့် အလှည့်အပြောင်း ဖြစ်လာမည် မဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
နေ့လယ်ပိုင်း ဆက်လက်ကျင်းပသည့် ဆန္ဒပြပွဲတွင် တောင်ကိုးရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက စစ်အာဏာရှင်စနစ် ရှိနေသမျှကာလပတ်လုံး လူထုတော်လှန်ရေး ဆက်လက်ရှိနေမည်ဖြစ်ကြောင်းနှင့် အားလုံး စည်းလုံးညီညွတ်စွာ လက်တွဲကြရန် တိုက်တွန်းပြောဆိုခဲ့သည်။
အဆိုပါ လှုပ်ရှားမှုကို တောင်ကိုးရီးယား NUG ကိုယ်စားလှယ်ရုံးနှင့် တော်လှန်ရေးအဖွဲ့ပေါင်း ၃၀ ကျော် ပါဝင်သည့် “စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီ” က စီစဉ်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ပြည်သူ ၂၅၀ ခန့် ပူးပေါင်းပါဝင်ခဲ့ကြသည်။
ကော်မတီအနေဖြင့် ဆန္ဒပြပွဲများသာမက အွန်လိုင်းဆွေးနွေးပွဲများ၊ စစ်တမ်းကောက်ယူမှုများကိုလည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး ဆန္ဒပြပွဲကို ကြွေးကြော်သံများဖြင့် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


