Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တူရကီမှာ ဘာ့ကြောင့် အဆောက်အဦးတွေ ထောင်နဲ့ချီ ပြိုကျခဲ့ရတာလဲ

ABN – နွယ်စိုး

‘’ ကျွန်တော်တို့အားလုံးက ကျွန်နော့်တူမလေး Rukiye ကို ရှာနေကြတာပါ‘’ ဟု မျက်လုံးများ နီရဲနေပြီး အလွန်ပင် ပင်ပန်းနွမ်းနယ်လျက်ရှိသည့် အမျိုးသားတစ်ဦးက တူရကီတောင်ပိုင်း Hatay ပြည်နယ်ရှိ ဆေးရုံတစ်ရုံ၏ အပျက်အစီးများကို ကြည့်လျက် ‌ဒေသတွင်းသတင်းထောက်များကို ဗုဒ္ဓဟူးနေ့က ပြောခဲ့သည်။

‘’ကျွန်နော့် တူမလေးက အသက် ၂၃ နှစ်ဖြစ်ပြီး သူနာပြုတစ်ယောက်လည်း ဖြစ်ပါတယ်။ ပထမအကြိမ် ငလျင်လှုပ်ပြီး နာရီပိုင်းလောက် အကြာမှာပဲ ဆေးရုံထဲက လူနာတွေကို ကယ်ထုတ်ဖို့ ဝင်သွားခဲ့ပါတယ်။ နောက်တစ်ခေါက် ငလျင်လှုပ်တော့ အဆောက်အအုံက သူ့အပေါ် ပြိုကျသွားခဲ့ပါတယ်။ လူအများကြီးကို ကယ်ခဲ့ပေမဲ့ သူကိုယ်သူတော့ မကယ်နိုင်ခဲ့ဘူး။ သူက ၁၆ နာရီလောက်ထိ အသက်ရှင်နေခဲ့မယ်လို့ ထင်တယ်၊ ပြီးတော့ သူ့ယောင်္ကျားကို အော်ခေါ်မယ်ပေါ့၊ ကယ်ဆယ်ရေးသမားတွေကပြောတာတော့ အခုလောက်ဆို ကျွန်တော့်တူမလေး အသက်ရှင်မနေလောက်တော့ဘူးတဲ့” ဟု ဆက်ပြောသည်။

တူရကီနိုင်ငံ အရှေ့တောင်ပိုင်းတွင် တနင်္လာနေ့က လှုပ်ခတ်ခဲ့သည့် ငလျင်အပြီး ပြိုကျသွားခဲ့ရသည့် အဆောက်အအုံများ၏ အပျက်အစီးများအောက်တွင် Rukiye အပါအဝင် လူ‌ထောင်ပေါင်းများစွာ ပိတ်မိနေဆဲဖြစ်သည် ဟု ယူဆကြသည်။

Rukiye ကဲ့သို့ နောက်ထပ် လူပေါင်း ထောင်ချီ၍လည်း ပြိုကျပျက်စီးနေသည့် အဆောက်အဦးများအောက်တွင် အသက်ရှင်လျက်ရှိနေကြသေးမည်ဟု ယုံကြည်နေကြည်။ အစိုးရထုတ်ပြန်ချက်အရ အလွန်အားပြင်းသည့် ငလျင်ကြီး ၂ခုနှင့် ရာချီသည့် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်ခဲ့မှုကြောင့် ပြည်နယ် ၁၀ ခုတွင် အဆောက်အဦး ၆၄၄၄ ဆောင်ပျက်စီးခဲ့ရပြီး သေဆုံးသူဦးရေမှာလည်း ၂၅၀၀၀ ကျော် သေဆုံးခဲ့ရပြီဖြစ်ကြောင်း စနေနေ့ ည ၉ နာရီ သတင်းများအရ သိရသည်။

စိတ်မကောင်းစရာများ စုပြုံလာခြင်း

ဤကဲ့သို့ အံ့ဩတုန်လှုပ်ဖွယ်ရာ ကိစ္စရပ်များ ဖြစ်ပွားခဲ့မှုကြောင့် ကယ်ဆယ်ရေးသများမှာ အပျက်အစီးများကြား၌ ကြိုးပမ်းအားထုတ်နေရစဉ် နိုင်ငံတော်ကလည်း နှစ်ပေါင်း ၂၀ ကြာသည့်တိုင်အောင် ကြိုတင်ပြင်ဆင် ကာကွယ်မှုများ ရှိခဲ့သော်လည်း အဘယ်ကြောင့် ဤကဲ့သို့သော အပျက်အစီး အထိအခိုက်များလှသည့် ငလျင်ဖြစ်ပွားမှု ဖြစ်လာခဲ့သည်ကို နားလည်ရန် ကြိုးပမ်းလျက်ရှိသည်။

ပထမအကြိမ် ရစ်ချတာစကေး ၇.၈နှင့် ဒုတိယ ၇.၆ရှိသည် ငလျင်နှစ်ခုလှုပ်ခတ်မှုသည် အဆောက်အဦးအများစု အနေဖြင့် ကြန့်ကြန့်ခံရန် ပြင်းထန်လွန်းနေသလား။ သို့မဟုတ် အဆောက်အဦးများကပင် ခေတ်မီဆောက်လုပ်ရေးစံနှန်းနှင့် မကိုက်ညီခဲ့လို့လား။ အာဏာပိုင်များဘက်မှ ပေါ့ဆမှုရှိခဲ့လို့လား။

အစ္စတန်ဘူလ် နည်းပညာ တက္ကသိုလ်မှ ဘူမိဗေဒအင်ဂျင်နီယာ ပါမောက္ခ Okan Tuysuz ၏ အဆိုအရ အထက်ပါ စိတ်မကောင်းဖွယ် ကိစ္စရပ်များအားလုံးသည်ပင် တနင်္လာနေ့က အပျက်အစီးများအဖြစ်သို့ ဦးတည်သွားစေခဲ့သည်။

“ဒီမှာ တကယ့်ကို ကြီးမားတဲ့ ငလျင်တွေနဲ့ ကျွန်တော်တို့ ရင်ဆိုင်နေရတာပါ၊ ပထမတစ်ခုက TNT မက်ထရစ်တန် ၅ သန်းလောက် ပေါက်ကွဲထွက်ပေါ်လာတဲ့ အားနဲ့ညီမျှပါတယ်။ ဒုတိယတစ်ခုကတော့ မက်ထရစ်တန် ၃ ဒသမ ၅ သန်းပေါက်ကွဲအားနဲ့ ညီပါတယ်။ အဆောက်အဦးတွေတောင် အဲလောက်ပြင်းတဲ့အားကို တောင့်ခံဖို့တောင် မနည်းရပ်တည်ခဲ့ရပုံပါပဲ” ဟု Tuysuzက AI Jazeeraကို ပြောသည်။

မြို့ပြအင်ဂျင်နီယာနှင့် တူရကီငလျင်ပြန်လည်ပြုပြင်ရေးအသင်း ဥက္ကဌ Siana Turkkanက “ငလျင်တွေက တကယ့်တကယ်ကို အားပြင်းလွန်းရုံတင်မက ရိုက်ခတ်နှုန်းတွေကလည်း အရမ်းကို မြန်ဆန်လွန်လှပါတယ်” ဟု ပြောကြားခဲ့သည်။ ထို့အပြင် ပထမလှုပ်ခတ်မှုတွင် အဆောက်အဦးများမှာ အလည်အလတ်အဆင့် ထိခိုက်မှုများကိုသာ ဖြစ်ပွားစေခဲ့ပြီး ဒုတိယတစ်ခေါက်တွင်မူ အဆောက်အဦးများစွာ ပြိုလဲပျက်စီးခဲ့ရကြောင်း ဆက်လက်ရှင်းပြသည်။

ထိုကဲ့သို့သော အားပြင်းစွာ လှုပ်ခတ်မှုသည် အဆောက်အဦးတိုင်းကို ပြိုလဲမှု မဖြစ်ပွားနိုင်ဟု ယူဆနိုင်သော်လည်း ယခုကဲ့သို့ အဖြစ်ဆိုးမှာ မည်သို့မှ ရှောင်လွှဲ၍မရကြောင်း ပညာရှင်များက ပြောဆိုကြသည်။

“တရားဝင် ထုတ်ပြန်ချက်တွေအရ တနင်္လာနေ့က အဆောက်အဦး ၆၀၀၀ကနေ ၇၀၀၀ထိ ပျက်စီးခဲ့တယ်။ ဘယ်လောက်ပဲ အားပြင်းပါစေ၊ ဒီအ‌ဆောက်အဦးတွေကိုသာ အရည်အသွေးမီအောင် လုပ်ခဲ့မယ်ဆိုရင် ဘယ်ငလျင်ကမှ ဒီလိုမျိုးဖျက်ဆီးနိုင်မှာ မဟုတ်ပါဘူး” ဟု Turkkanက ပြောသည်။

တူရကီသမ္မတ Recep Tayyip Erdoganက ငလျင်လှုပ်ခတ်ခဲ့သည့် နေရာများသို့ သွားရောက်ကာ သူ့အစိုးရအဖွဲ့ဝင်များ၏ ကြိုတင်ပြင်ဆင်မှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့စဉ် “အခုလို အရေးအခင်းဖြစ်ပွားမှုကနေ ဘယ်သူတစ်ဦးမှ မလွတ်မြောက်နိုင်ပါဘူး” ဟု ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

ထို့အပြင် ငလျင်ကြောင့်ပျက်စီးခဲ့ရသည့် ပြည်နယ် ၁၀ ခုလုံးမှ အဆောက်အဦးများကို အစိုးရအနေဖြင့် ၁ နှစ်အတွင်း ပြန်လည်တည်ဆောက်ပေးမည်ဟု ထပ်လောင်း‌ပြောကြားခဲ့သည်။

“Malatyaမှာ လုပ်ခဲ့သလိုပဲ ဒီမှာ အားလုံးကို ပြန်တည်ဆောက်ပေးမှာပါ၊ ပြီးတော့ ကျွန်တော်တို့ရဲ့ အဓိက အခန်းကဏ္ဍလည်း ဖြစ်ပါတယ်။ အရင်က ဒီလိုဖြစ်ပွားခဲ့တုန်းကလည်း အစိုးရက အကြိမ်ကြိမ် ပြန်ဆောက်ပေးခဲ့ပါတယ်။ Marasက Hatayမှာ လုပ်ဆောင်ပေးသွားမှာ ဖြစ်သလို တခြားထိခိုက်ပျက်စီးသွားခဲ့တဲ့ ပြည်နယ် ၈ ခုမှာလည်းပဲ တည်ဆောက်ပေးသွားမှာပါ” ဟု ပြောသည်။

တနင်္လာနေ့က ပြိုကျခဲ့ရသည့် အဆောက်အဦးအားလုံးမှာ ၁၉၉၉ ခုနှစ်မတိုင်မီက ဆောက်လုပ်ခဲ့ပြီး ၇ ဒသမ ၆ မက်ဂနီကျု ပြင်းအားရှိသည့် ငလျင်လှုပ်ခတ်လိုက်သည့်အခါ Western Marmaraဒေသတွင် လူပေါင်း ၁၇၅၀၀ သေဆုံးခဲ့ရသည်။ ထိုအချိန်မှစ၍ အစိုးရက တူရကီငလျင်ဆိုင်ရာ ဥပဒေတစ်ရပ်ကို ရေးဆွဲအတည်ပြုခဲ့ပြီး နောက်ထပ်ကြီးမားလှသည့် ငလျင်များ ဖြစ်ပေါ်လာလျင် လုပ်ဆောင်သင့်သည့် ကြိုတင်ပြင်ဆင်မှုများကို စတင်ရန် ၂၀၀၈ ခုနှစ်တွင် ထိုဥပဒေကို ပြဌာန်းခဲ့သည်။

ကျင့်ထုံးဥပဒေစိုးမိုးရေး

၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ပြင်းအား ၆ ရှိ ငလျင်လှုပ်ခတ်ပြီးနောက် တူရကီမြောက်ပိုင်း Duzceတွင် အဆောက်အဦးပေါင်း ၂,၀၀၀ ကျော် ပျက်စီး သွားကြောင်း ပြောကြားခဲ့ပြီး သဘာဝပတ်ဝန်းကျင်နှင့် မြို့ပြထိန်းသိမ်း‌ရေးဝန်ကြီး Murat Kurum က အာဏာပိုင်များမှ နိုင်ငံအတွင်းရှိ အဆောက်အဦးတိုင်းကို ၂၀၃၅ခုနှစ်အတွင်း ငလျင်ဘေးကင်းစေရန်အတွက် လုပ်ဆောင်ခဲ့ကြောင်း အလေးပေးပြောကြားခဲ့သည်။

“အရင်ကလည်း လူနေအိမ် ၃ ဒသမ ၂ သန်းကို ကျွန်တော်တို့ ဆောက်ပေးခဲ့ပါတယ်၊ ခရိုင် ၉၉၂ ခုအနက် ပြည်နယ် ၈၁ ပြည်နယ်က ဒေသခံပြည်သူ ၂၅၀၀၀၀ ကို ဘေးလွတ်ရာသို့ ပို့ပေးထားပြီးပါပြီ၊ အိမ်နှင့် အလုပ်အကိုင်ပေါင်း ၆ ဒသမ ၆ သန်းကိုလည်း ဖန်တီးပေးပြီးပါပြီ၊ လက်ရှိအချိန်မှာတော့ သူတို့တွေအားလုံးက ငလျင်ကင်းမဲ့ဇုန်မှာ ရောက်ရှိနေကြပါပြီ” ဟု ဆက်လက်ပြောကြားခဲ့သည်။

သို့သော်လည်း ထိုသို့ ကြိုးစားအားထုတ်မှုများမှာ အပျက်အစီးများကို မတားဆီးနိုင်ခဲ့ပေ။

“ဥပဒေအရတော့ အကောင်းတကာ့အကောင်းဆုံး၊ ကမ္ဘာ့အဆင့်အမီဆုံး တူရကီငလျင်ပြဌာန်း ဥပဒေပါ၊ ဒါပေမဲ့ လက်တွေ့မှာတော့ အခြေအနေတွေက အရမ်းကိုကွာခြားနေပါတယ်” ဟု Trrkkanက ပြောခဲ့သည်။

“အင်ဂျင်နီယာတစ်ယောက်အနေနဲ့ တကယ့်ကို ဝမ်းနည်းကြေကွဲရပါတယ်၊ လူတိုင်းကိုသာ ကျွန်တော်တို့ ကယ်တင်လိုက်နိုင်မယ်ဆိုရင်၊ လွန်ခဲ့တဲ့ နှစ် ၂၀ ‌က ပျက်စီးသွားခဲ့တဲ့ အဆောက်အဦးတွေ၊ ဒါမှမဟုတ် ပြန်လည်ဖြည့်တင်းပေးတာတွေ လုပ်နိုင်ခဲ့ကြမှာပါ၊ တနင်္လာနေ့က ဖြစ်သွားတဲ့ ကိစ္စတွေအတွက်လည်း အဆောက်အဦး အနည်းဆုံး ၅၀၀၀ လောက်တော့ ထိန်းသိမ်းထားလိုက်နိုင်မှာပါ၊ လူ့အသက်တွေကိုလည်း အများကြီး ကယ်ခဲ့နိုင်မှာ ဖြစ်ပါတယ်” ဟု Turkkanကပြောသည်။

ကျွမ်းကျင်သူများက အစိုးရ သို့မဟုတ် ဒေသအာဏာပိုင်များမှာ ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦးများကို ခိုင်ခံ့အောင် တည်ဆောက်ပေးခဲ့ရမည်ဖြစ်ကြောင်း၊ ငလျင်စည်းမျည်းစည်းကမ်းများမှာ စာရွက်‌ပေါ်တွင်သာ အကောင်အထည်ပေါ်နေခဲ့ကြောင်း ယုံကြည်ကြသည်။

“နှစ်တွေအများကြီး ကျွန်တော်တို့ ဒေသအာဏာပိုင်တွေဆီကို အစီရင်ခံစာတွေတင်ပြခဲ့ကြတယ်၊ နောက်ထပ်ငလျင်ကြီးတွေ Hatayနဲ့ Gaziantepတွေလို မြို့ကြီးတွေမှာ ဖြစ်ပေါ်လာနိုင်သေးတယ်၊ ဒါ့ကြောင့် အဆောက်အဦးတစ်ခု ဘယ်လောက်ပဲခိုင်ပါစေ၊ ငလျင်ကြောမကြီးမှာ ရှိနေပြီဆိုရင် အဲဒါက ပြိုကျမှာပဲ။ တစ်နိုင်ငံလုံးအတွက် ငလျင်ကြောကလွတ်တဲ့ နေရာတွေကို မြေပုံရေးဆွဲသင့်တယ်၊ ပြီးတော့ အဲဒီနေရာတွေကို အကုန်လုံး ပြောင်းရွေ့သင့်တယ်လို့ ကျွန်တော်တို့ တင်ပြခဲ့ကြတယ်၊ ဒါပေမယ့် ဘယ်သူမှ နားမထောင်ခဲ့ကြဘူး” ဟု ပညာရှင်များက ပြောသည်။

အဆောက်အအုံသစ်များတောင် ပျက်စီးသွားခဲ့ရ

တည်ဆောက်မှုအသစ်တွင် စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ရာ၌ ချို့ယွင်းချက်အချို့ရှိနေသည်။

“ဒီငလျင်အတွင်းမှာ အဆောက်အဦးသစ်တွေ အများကြီး ပြိုပျက်သွားခဲ့ရပါတယ်” ဟု Tuysuzက ပြောခဲ့သည်။

Hatay ဒေသက ကျောင်းများ၊ အစိုးရအဆောက်အဦးများ၊ ဆေးရုံများနှင့် တူရကီပေါက်ကွဲမှုနှင့် အရေးပေါ်စီမံရေး အာဏာပိုင်အဖွဲ့ (AFAD)ပင်လျှင် တနင်္လာနေ့က ပျက်စီးသွားခဲ့ရသည်။

“နိုင်ငံ့စည်းမျည်းစည်းကမ်း‌တွေအရဆိုရင် အများပိုင်အဆောက်အဦးတွေကို တစ်ဦးပိုင်အဆောက်အဦးတွေထက် ပိုပြီး ခိုင်ခံ့အောင် ဆောက်လုပ်ရမှာပါ၊ ခင်းဗျားသာ ဆေးရုံတစ်ရုံ၊ စာတိုက်တစ်တိုက်၊ ဒါမှမဟုတ် ဘယ်လိုမျိုးအများပိုင်အဆောက်အဦးတွေကိုမဆို ဆောက်လုပ်တဲ့အခါ ခင်းဗျားကို ကွန်ကရစ်တွေ၊ သံတွေကို အခြေခိုင်အောင် ပိုပြီးတော့ ဆောက်လုပ်ဖို့ သုံးခိုင်းမှာပါ။ ဒီလိုလုပ်မှဘဲ ဘယ်လိုမျိုး ငလျင်လာလာ၊ တခြားသဘာဝအပျက်အစီးတွေလာလာ ကြံ့ကြံ့ခံနိုင်ရည်ရှိမှာပါ။ ပြီးတော့ လူတွေလည်း အသက်မဆုံးရှုံးရတော့ဘူးပေါ့ဗျာ” ဟု Turkkanက ပြောခဲ့သည်။

“ငလျင်မှာ အများသူငှာသုံးအဆောက်အဦးတွေ၊ စွမ်းအင်အရင်းအမြစ်တွေနဲ့ လေယာဉ်ကွင်းတွေက ငလျင်အတွင်းမှာ ပြိုကျသွားခဲ့တာက လုံးဝကို လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါတွေဖြစ်လာမှာကို ကာကွယ်ဖို့လည်း စည်းကမ်းချက်ကောင်းတွေ အများကြီးရှိပါတယ်။ အရှေ့တောင်ဘက်မှာ ဒီနေ့ကျွန်တော်တို့ မြင်နေရတဲ့ မြင်ကွင်းတွေက နိုင်ငံတော်အနေနဲ့ အခြေခံအဆောက်အအုံတွေကို တည်ဆောက်အကောင်အထည်ဖော်တဲ့နေရာမှာ တကယ်ကို ကြီးမားတဲ့ ချို့ယွင်းချက်ပါပဲ” ဟု ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

ကျွန်တော်တို့ မည်သည်ကိုလုပ်ဆောင်ရမည်နည်း။

တူရကီတွင် အဆောက်အဦးပေါင်း သန်း ၂၀ ရှိနေသည်။ အဓိက ငလျင်မကြာခဏလှုပ်ခတ်လျက်ရှိသည့် Istanbulတွင် အဆောက်အဦးပေါင်း ၁ ဒသမ ၂ သန်းရှိကြောင်း Bogazici Universityမှ the Kandilli Observatoryနှင့် Earthquake Research Instituteက ထုတ်ပြန်ချက်အရ သိရသည်။ ထိုအဖွဲ့များမှ ကျွမ်းကျင်ပညာရှင်များက တိကျသေချာသည့် စာရင်းတွက်ချက်မှု ရာခိုင်နှုန်းအရ ထိုအဆောက်အဦးများမှာ ပြင်းထန်လွန်းလှသည့် မက်ဂနီကျုကြောင့် ဖြစ်ပေါ်လာသည့် ငလျင်အားကို တောင့်ခံနိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ငလျင်ဇုန်များအတွင်းရှိ ပြိုကျပျက်စီးသွားခဲ့သည့် အဆောက်အဦးများအားလုံးကို ပြန်လည်တည်ဆောက်ရန်၊ ပြန်လည်ဖြည့်တင်းရန်ဆိုသည်မှာ နည်းပညာအရနှင့် လော့ဂျစ်ကျကျတွေးခေါ်မှုအရ အလွန်ခက်ခဲပြီး ငွေအကုန်အကျလည်း များလွန်းမည်ဖြစ်သည်။ ထို့အပြင် ကြန့်ကြာ၍လည်းမရ၊ ရှောင်လွှဲ၍လည်းမရသည့် တာဝန်ပင်ဖြစ်သည်။

“အစိုးရကတော့ ပြည်သူတွေမှာ သူတို့အဆောက်အဦးတွေ၊ အိမ်တွေကို ပြန်လည်တည်ဆောက်ဖို့ ကူညီပေးရမှာပါ၊ လိုအပ်ရင် အကုန်လုံးကို ပြန်ဆောက်ပေးရမှာဖြစ်ပါတယ်။ ပြီးတော့ ပြည်သူတွေမှာ နောက်ထပ်ကုန်ကျခံဖို့လည်း မဖြစ်နိုင်တော့ပါဘူး။ ဒါပေမဲ့ ဒါတွေအားလုံးက အသက်တွေ၊ ဘဝတွေနဲ့ ရင်းပြီးတော့ ဖြစ်နေတာဆိုတော့ ဒီလိုမျိုးပဲ လုပ်ဆောင်သွားရမှာပါ” ဟု Turkkanကပြောသည်။

ALJAZEERA တွင်ဖော်ြပထားသည့် Why did so many buildings collapse in Turkey? ဆောင်းပါးကို Arakan Bay News သတင်းဌာနမှ နွယ်စိုး ဘာသာပြန်ဆိုသည်။

တူရကီမှာ ဘာ့ကြောင့် အဆောက်အဦးတွေ ထောင်နဲ့ချီ ပြိုကျခဲ့ရတာလဲ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ