ABN-ထက်မြတ်ခင်
တူရကီနှင့် ဆီးရီးယားတွင် မြေငလျင်ကြောင့် သေဆုံးသူ ၁၁၀၀၀ ကျော်ထိရှိလာပြီး ကယ်ဆယ်ရေး ဝန်ထမ်းများက အပျက်အစီးများကြားမှ အသက်ရှင်လျက်ကျန်ခဲ့သူများကို ရှာဖွေနေကြပြီး ကယ်ဆယ်ရေးအဖွဲ့ဝင် စုစုပေါင်း ၉၆၀၀၀ ပါဝင်ကြောင်း တူရကီ အရေးပေါ်စီမံခန့်ခွဲမှုဌာနမှ ယနေ့ ဖေဖော်ဝါရီလ ၉ နေ့က ပြောခဲ့သည်။
ထိုမြေငလျင်ဒဏ်ကြောင့် တူရကီတွင် သေဆုံးသူ စုစုပေါင်း ၈၅၇၄ ယောက်နှင့် ဒဏ်ရာရသူပေါင်း ၃၈၀၀၀ ယောက်ရှိကာ ဆီးရီးယားတွင် သေဆုံးသူ ၂၅၃၀ ယောက်နှင့် ဒဏ်ရာရသူ ၁၀၀၀ ကျော်ရှိနေပြီဟု အစိုးရနဲ့ ကယ်ဆယ်ရေး အဖွဲ့များ၏ စာရင်းများအရ သိရသည်။
မြေငလျင်ကြောင့် သေဆုံးသူများအတွက် နိုင်ငံတဝှမ်း ဝမ်းနည်းခြင်း အထိမ်းအမှတ် ၇ရက်သတ်မှတ်လိုက်ပြီး၊ ငလျင်ဒဏ်ခံလိုက်ရသည့် ပြည်နယ် ၁၀ပြည်နယ်ကို အရေးပေါ် အခြေအနေအဖြစ် ၃လသတ်မှတ်လိုက်ကြောင်း သမ္မတ Recep Tayyip Erdogan ကြေညာထားသည်။
ငလျင်ဗဟိုချက်မနေရာမှာ တူရကီ ၊ ဆီးရီးယားနယ်စပ်အနီး တူရကီနိုင်ငံဘက်ရှိ Gaziantep မြို့အနီးမှ Pazarcik ဒေသဖြစ်ပြီး၊ ငလျင်ဒဏ်ခံရသည့် နေရာများကို သမ္မတ ဖေဖော်ဝါရီလ ၈ရက်နေ့က သွားရောက်ခဲ့သည်။
၁၉၉၉ခုနှစ်က ပြင်းအား ၇.၄ရှိသည့် တူရကီ ငလျင်ကာလက လူပေါင်း ၁၇၀၀၀ ကျော်သေဆုံးခဲ့သည်ဟု သိရသည်။
