ဆောင်းပါး
တူနီးရှားနိုင်ငံသည် ၂၀၁၁ ခုနှစ် အာရပ်နွေဦးတော်လှန်ရေးအတွင်း အာဏာရှင်ကို ဖြုတ်ချပြီး ဒီမိုကရေစီကို တည်ဆောက်ခဲ့သည့် တစ်ခုတည်းသော နိုင်ငံပင်ဖြစ်သည်။ သို့ရာတွင် အတိုက်အခံ Ennadha ပါတီ၏ ဌာနချုပ်ကို စီးနင်းပြီး ခေါင်းဆောင်များကို ဖမ်းဆီးလိုက်ခြင်းက လစ်ဘရယ်မဆန်သည့် အုပ်ချုပ်မှုပုံစံကို ပြန်ဆုတ်နေသည်ဟု ဝေဖန်သူများက ဆိုနေကြသည်။
အာရပ်နွေဦးပြီးနောက် တူနီးရှား ဒီမိုကရေစီကို ဘယ်လိုတည်ဆောက်ခဲ့သလဲ
အလွန်ကြီးမားသည့် ဆန္ဒပြပွဲများကို ရက်သတ္တပေါင်းများစွာ ဖြိုခွင်းခဲ့သော်လည်း မအောင်မမြင်ဖြစ်လာသည့်အခါ ၂၀၁၁ ခုနှစ် ဇန်နဝါရီလတွင် Zine al-Abidine Ali သည် တူနီးရှား၏ သမ္မတအဖြစ်မှ နှုတ်ထွက်ပြီး ဆော်ဒီအာရေးဗျ ကို ထွက်ပြေးသွားခဲ့သည်။
သမ္မတ အာလီသည် တူနီးရှားနိုင်ငံကို တစ်ပါတီစနစ်ဖြင့် ၂၃ နှစ်တိုင်တိုင် အုပ်ချုပ်ခဲ့သည်။ နောက်တက်လာသည့် အသွင်ကူးပြောင်းရေး အစိုးရလက်ထက်တွင် ပါတီအသစ်များ ဖွဲ့စည်းခြင်း၊ လွပ်လပ်စွာ ပြောဆိုခြင်းတို့ကို ခွင့်ပြုခဲ့သည်။
ရွေးကောက်ပွဲ လေးငါးကြိမ်ကျင်းပခဲ့ပြီး ထိုရွေးကောက်ပွဲများအတွင်း အလယ်အလတ် အစ္စလာမ်ပါတီတစ်ခုဖြစ်သည့် Ennahda က ပါလီမန်တွင် အမတ်နေရာ အများဆုံးအနိုင်ရသော်လည်း ၅၀ ရာခိုင်နှုန်းကျော်သည့် မဲအများစု ကို အနိုင်မရဖူးချေ။ ထို့ကြောင့် တခြားသီးခြားပါတီများနှင့်သာ အာဏာခွဲဝေကာ အုပ်ချုပ်ခဲ့ရသည်။
တော်လှန်ရေးပြီးနောက် အစ္စလာမ်မစ်ပါတီနှင့် တခြားသီးခြားပါတီများအားလုံး စုပေါင်းကာ ဒီမိုကရေစီ အင်စတီကျူးရှင်း အသစ်များကို ဖန်တီးသွားကြရန် သဘောတူညီကြသည့် ဘုံသဘောတူညီချက်တစ်ခု ထွက်ပေါ်လာခဲ့သည် ဟု အကြံပေးအဖွဲ့တစ်ခုဖြစ်သည့် နိုင်ငံတကာ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) မှ Riccardo Fabiani က ဆိုသည်။
ပါတီများက ဖွဲ့စည်းပုံအသစ်ကို ရေးဆွဲခဲ့ကြပြီး ဖွဲ့စည်းပုံတွင် အမျိုးသားညီလာခံ တူနီးရှား ပါလီမန်ကို အာဏာပေးအပ်ကာ ပြည်သူများကိုလည်း ဒီမိုကရေစီအခွင့်အရေးများ ပေးအပ်ထားသည်။
သို့ရာတွင် လန်ဒန်တက္ကသိုလ် SOAS မှ Melek Saral က နိုင်ငံရေးသမားများမှာ ဖွဲ့စည်းပုံဆိုင်ရာ တရားရုံးခွင် တစ်ခုကို မည်ကဲ့သို့ ဖန်တီးမည်နှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ရှိခဲ့သည် ဟု ဆိုသည်။
“အစိုးရရဲ့ အာဏာကို စစ်ဆေးမျှတအောင်လုပ်ခြင်း (Check and Balance) ကို လုပ်ဆောင်ဖို့၊ လူ့အခွင့်အရေးကို အာမခံပေးဖို့ အဲဒီလို ဖွဲ့စည်းပုံဆိုင်ရာ တရားရုံးကို လိုအပ်ပါတယ်၊ ဒီမိုကရေစီစနစ်တစ်ခု တည်ဆောက်တဲ့အခါ ဖွဲ့စည်းပုံဆိုင်ရာ တရားရုံး ဖန်တီးရေး နဲ့ပတ်သက်တဲ့ သဘောတူညီမှုကို မရတာက အဓိကကျရှုံးမှုတွေထဲက တစ်ခုပဲဖြစ်ပါတယ်” ဟု သူမက ဆိုသည်။
၂၀၁၁ အလွန် အုပ်ချုပ်ခဲ့သည့် နိုင်ငံရေးသမားများမှာ စီးပွားရေးအခြေအနေများ ကောင်းမွန်အောင် လုပ်ဆောင်ရန်၊ အလုပ်အကိုင်များ ဖန်တီးပေးရန် ပျက်ကွက်ခဲ့ကြပြီး ထိုအခြေအနေများက အစိုးရအသစ်ထံ လူထု၏ ယုံကြည်မှုများကို ပျက်စီးစေခဲ့သည်။
Pew Research Centre ၏ လေ့လာမှု စစ်တမ်းတစ်ခုတွင် ၂၀၁၂ ခုနှစ် တွင် ဒီမိုကရေစီကို ၇၀ ရာခိုင်နှုန်းသော တူနီးရှားပြည်သူများက ထောက်ခံခဲ့ကြပြီး ၂၀၁၄ ခုနှစ်တွင် ၄၈ ရာခိုင်နှုန်းသာ ထောက်ခံသည်ကို တွေ့ရသည် ဟု ပါရှိသည်။
Middle East Institute မှ Intissar Fakir က “ပြည်သူတွေမျှော်လင့်တာက ဒီမိုကရေစီရရင် စီးပွားရေးကောင်းလာမယ် လို့ ထင်ကြတယ်။ စီးပွားရေးလည်း ပိုကောင်းမလာဆိုတာနဲ့ ဒီမိုကရေစီက ဘာမှလည်း မထူးဘူး လို့ တွေးကြပြန်ရော့” ဟု ပြောသည်။
သမ္မ Kais Saied ဘယ်လို အာဏာရလာသလဲ
ဖွဲ့စည်းပုံဆိုင်ရာ ဥပဒေကျွမ်းကျင်သူတစ်ဦးဖြစ်သည့် Kais Saied မှာ ၂၀၁၉ တွင် သောင်ပြိုကမ်းပြိုအနိုင်ရကာ သမ္မတဖြစ်လာသူတစ်ဦး ပင်ဖြစ်သည်။
သူ၏ မဲဆွယ်ရွေးကောက်ပွဲတွင် ပါလီမန်တွင် ရှိသည့် နိုင်ငံရေးပါတီများမှာ အာဏာအလွန်ရှိသောကြောင့် ဒီမိုကရေစီ စနစ် အလုပ်မလုပ်တော့ကြောင်း သူက ဆိုသည်။
The Carnegie Endowment for International Peace မှ ဒေါက်တာ Yerkes က “တခြားသူတွေ အရည်အချင်းမမှီ၊ အကျင့်ပျက်ခြစား နေတဲ့အချိန် အာဏာကို ရယူနိုင်တာ သူပဲရှိတယ်လို့ Kais Saied က သူ့ကိုယ်သူ ညွန်ပြခဲ့တာ” ဟု ဆိုသည်။
၂၀၂၀ ခုနှစ်တွင် ကိုဗစ်ကပ်ရောဂါက တူနီးရှားနိုင်ငံ၏ စီးပွားရေးကို ထိခိုက်စေခဲ့ပြီး ကျန်းမာရေးဝန်ဆောင်မှုများကိုလည်း အကြီးအကျယ်သက်ရောက်စေခဲ့သည်။
“နိုင်ငံပိုင် အင်စတီကျူးရှင်းတွေ ပျက်စီးလုနီးပါးဖြစ်ခဲ့တယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်မယ်ဆိုလို့ရှိရင် သမ္မတစနစ် အားကောင်းဖို့ လိုကြောင်း လူအများက မှတ်ယူခဲ့ကြတယ်” ဟု မစ္စတာ Fabiano မှဆိုသည်။
၂၀၂၁ ခုနှစ်တွင် သမ္မတ Saied မှာ ပါလီမန် လွှတ်တော်နှင့် အလွန်ရင်းနှီးသော ဝန်ကြီးချုပ်ကို ထုတ်ပယ်ရန် အရေးပေါ်အာဏာကို ကျင့်သုံးခဲ့ပြီး ဖွဲ့စည်းပုံကို ရပ်ဆိုင်းခဲ့သည်။
ထိုလုပ်ရပ်မှာ နိုင်ငံကို ကယ်တင်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သမ္မတ Saied က ပြောကြားခဲ့ပြီး တူနီးရှားပြည်သူများကြားတွင် ပဲ့တင်ထပ်ခဲ့သည့် သတင်းစကားတစ်ခုလည်း ဖြစ်သည်။
ဒီမိုကရေစီပြုပြင်ပြောင်းလဲတာတွေကို သမ္မတ Saied နောက်ပြန်ဆုတ်အောင် ဘယ်လို လုပ်လိုက်တာလဲ
ဖွဲ့စည်းပုံကို ရပ်ဆိုင်းပြီးနောက်တွင် သမ္မတ အမိန့်ကို ကျင့်သုံးကာ ဥပဒေများ ချမှတ်ခဲ့သည်။ သူ့ကို ဝေဖန်သည့် အတိုက်အခံနိုင်ငံရေးသမားများနှင့် သတင်းထောက်များကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ အကျဥ်းချခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
၂၀၂၂ ခုနှစ် ဂျူလိုင်လတွင် ဖွဲ့စည်းပုံအသစ်ကို စတင်မိတ်ဆက်ရန် ခွင့်ပြုစေသည့် အထွေထွေညီလာခံတွင် အနိုင်ရရှိခဲ့သည်။
ဤဖြစ်ရပ်က အဆင့်မြှင့် သမ္မတ ရာထူးကို ဖြစ်စေခဲ့ပြီး ပါလီမန်နှင့် တရားစီရင်ရေးတို့၏ အာဏာကို လျော့ပါးစေခဲ့သည်။
သမ္မတက သူဟာ အောက်ခြေလူတန်းစားတွေနဲ့ တိုက်ရိုက်ချိတ်ဆက်မှုရှိတယ်၊ သူတို့အတွက်ပဲ အုပ်ချုပ်တာ ဆိုတဲ့ အတွေးရှိတယ်၊ ပြီးရင် ပါလီမန်ရဲ့ တာဝန်က သူ့ရဲ့လုပ်ဆောင်ချက်တွေကို ကူညီပေးဖို့ဖြစ်တယ်လို့ သူထင်နေတာရှိတယ် ဟု Ms Fakir က ပြောကြားသည်။
“အခုဆိုရင် အမျိုးသားညီလာခံ လွှတ်တော်ဟာ သမ္မတအတွက် အကြံပေးအဖွဲ့တောင်ဖြစ်နေပြီ၊ သူတို့ပါလီမန်က သမ္မတချမှတ်ချင်တယ်လို့ ထင်တဲ့ ဥပဒေတွေနဲ့ ဆိုင်တဲ့ အကြံဉာဏ်တွေကို သမ္မတဆီ တင်ပြကြတယ်”
သမ္မတ Mr Saied က လွန်ခဲ့သည့် မေလအတွင်း အမျိုးသားညီလာခံကို ပြန်လည်ကျင်းပခဲ့သည်။ သို့ရာတွင် ရွေးကောက်ပွဲကျင်းပရန် မဲပေးသူ ၉ ရာခိုင်နှုန်းအောက်တွင်သာရှိပြီး အဖွဲ့ဝင်များမှလည်း ညီလာခံတက်ရောက်ရန် ငြင်းဆန်ခဲ့သည်။
ဧပြီလ ၁၇ ရက်နေ့တွင် အတိုက်အခံပါတီ Ennahda ၏ ခေါင်းဆောင် Rached Ghannouchi အဖမ်းခံရပြီး နိုင်ငံတော်လုံခြုံရေးကို ဆန့်ကျင်ရန် စီစဥ်သည် ဟု စွပ်စွဲခံရပြီး ပါတီဌာနချုပ်မှာလည်း ရဲများ၏ စီးနင်းခြင်းကို ခံရသည် ဟု ဆိုသည်။
လက်ရှိတွင် တရားသူကြီးတစ်ဦးက Mr Rached Ghannouchi ကို ထောင်ချရန် အမိန့်ချမှတ်လိုက်သဖြင့် ထိုလုပ်ရပ်ကို အမေရိကန်က ပြဿနာဖြစ်အောင် ဖန်တီးခြင်းဖြစ်သည် ဟု ရှုံ့ချသည်။
သမ္မ Saied မှာ အာဖရိက ဆာဟာရဒေသမှ ရွေ့ပြောင်းဝင်ရောက်လာသူများကို ဖယ်ရှားရန် အရေးပေါ် လုပ်ဆောင်ချက်များ လုပ်ဆောင်ရန် တောင်းဆိုချက်ကြောင့် နိုင်ငံတကာ၏ ဝေဖန်မှုများကို ခံနေရသည်။ သမ္မတက ထိုရွေ့ပြောင်းဝင်ရောက်လာသူများမှာ (အာရပ်နှင့် မူဆလင်အများစုနေထိုင်သည့်) တူနီးရှားနိုင်ငံ၏ ဒေသတွင်းလူဦးရေကို ပြောင်းလဲရန် လျှို့ဝှက်ကြံစည်မှု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ဆိုထားသည်။
“သူ့ရဲ့ နောက်လိုက်တွေကတော့ သူ့ကို ကြိုက်ကြမှာ၊ အာဖရိက လူမည်းတွေကို သူ့ရဲ့ညံ့ဖျင်းမှုအတွက် ဓားစာခံလုပ်နိုင်လို့လေ။ တူနီးရှားနိုင်ငံကြုံတွေ့နေရတဲ့ ပြဿနာတွေအတွက် အဲဒီရွေ့ပြောင်းဝင်ရောက်လာသူတွေကို သမ္မတက အပြစ်တင်နေတာ” ဟု Ms Fakir က ဆိုသည်။
တူနီးရှား ဒီမိုကရေစီ အဆုံးသတ်လား
သမ္မတ Saied သည် ၁၀ နှစ်တာတည်ဆောက်ထားသည့် ဒီမိုကရေစီကို တစ်နှစ်ပြီးတစ်နှစ် နည်းနည်းချင်းစီ ပြန်ဖြိုနေသည်။
သို့ရာတွင် “မင်းတို့မှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ မီဒီယာတွေ တူနီးရှားမှာ ရှိသေးတယ်၊ ဒါတွေဟာ သမ္မတရဲ့ပါဝါကို ဆန်းစစ် ချိန်ခွင်လျာ ညှိနိုင်မှာပါ။ ပြီးရင် ပြည်သူတွေ က လုပ်ဆောင်နေတဲ့ ဆန္ဒပြပွဲတွေလည်း ရှိနေပါတယ်” ဟု Dr Yerkes က ဆိုသည်။
“ဒါဟာ တူနီးရှားနိုင်ငံ ဒီမိုကရေစီ ဇာတ်လမ်း အဆုံးမဟုတ်ပါဘူး”
၂၀၂၄ တွင် နောက်လာမည့် ရွေးကောက်ပွဲကို ကျင်းပမည် ဖြစ်သည်။ Mr Saied အနေဖြင့် နောက်ထပ် ၅နှစ် အာဏာဆုပ်ကိုင်နိုင်ခဲ့လျှင်တောင် သက်တမ်းနှစ်ကြိမ်ထက်ပို၍ သမ္မတဖြစ်ပိုင်ခွင့် မရှိပေ။
BBC သတင်းပါ Tunisia: Is democracy there being destroyed? ကို ကျော်ဇံ ဘာသာပြန်ဆိုသည်။