AB News – ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆
ဒေဝီ
တအာင်းပြည်တွင် ဆေးကျောင်းစတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဆေးပညာဘွဲ့(Bachelor of Medicine, Bachelor of Surgery(M.B.,B.S)) အတွက် အပတ်စဉ် ၁ ဝင်ခွင့်လျှောက်လွှာများကို ယခု ဖေဖော်ဝါရီလမှ စတင်ပြီး ခေါ်ယူနေကြောင်း PSLF/TNLA က ယမန်နေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
“Tealand Medical School” ကို ဆေးတက္ကသိုလ်(မန္တလေး)၊ ယာယီတက္ကသိုလ်ကောင်စီ(IUC) နှင့် Ta’angland Health Council(THC) တို့ လက်အောက်မှ ကျန်းမားရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်း၍ တအာင်းပြည်တစ်နေရာတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး အပတ်စဉ် ၁ တွင် ကျောင်းသား/သူ ၃၀ ဦးကိုသာ လက်ခံသွားမည်ဖြစ်သည်။
ဆေးကျောင်းလျှောက်ထားသူများသည် သိပ္ပံဘာသာတွဲဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ (သို့) TLEC ကျောင်းတွင် ၁၂ တန်းအောင်မြင်ထားသူများဖြစ်ရမည်ဖြစ်ကာ သတ်မှတ်ထားသည့် ဘာသာရပ်အလိုက် အမှတ်အဆင့်များကို ပြည့်မှီရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဆေးကျောင်းကို မေလ ၄ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ဆေးကျောင်းသင်တန်းကာလမှာ စာသင်နှစ် ၆ နှစ်ဖြစ်ပြီး အလုပ်သင်ကာလ ၁ နှစ် စုစုပေါင်း ၇ နှစ်ဖြစ်ကြောင်း သိရသည်။
ဆေးကျောင်းလျှောက်ထားသူများသည် တက္ကသိုလ်ကျောင်းပြီးဆုံးပါက တအာင်းပြည် (သို့) တော်လှန်ရေးဒေသများတွင် အနည်းဆုံး ၃ နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်ဖြစ်ကြောင်း ပါရှိသည်။
လက်ရှိအချိန်တွင် ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အထူးလိုအပ်သည့်အပြင် ဒေသခံပြည်သူများအတွက် အရည်အသွေးမြင့် ကျန်းမားရေးစောင့်ရှောက်မှုများ ပေးစွမ်းနိုင်ရန် ဆေးပညာရှင်များနှင့် ကျန်းမာရေးဝန်ထမ်းများ လိုအပ်သည့်အတွက် တအာင်းပြည် ပြန်လည်ထူထောင်ရေးတွင် ပါဝင်လိုသော လူငယ်များအနေဖြင့် ပညာသင်ယူ၍ တတ်ကျွမ်းသည့် ပညာဖြင့် တစ်ထောင့်တစ်နေရာမှ အားဖြည့် ကူညီပေးကြရန် တိုက်တွန်း နှိုးဆော်ထားသည်ကိုလည်း တွေ့ရှိရသည်။


