Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တရုတ်သမ္မတ ရှီကျင့်ဖျင်အား အာဏာရှင်အဖြစ် သမ္မတဘိုင်ဒင် ရည်ညွှန်းပြောဆို

တရုတ်သမ္မတ ရှီကျင့်ဖျင်အား အာဏာရှင်အဖြစ် သမ္မတဘိုင်ဒင် ရည်ညွှန်းပြောဆို

ABN-နွယ်စိုး

ဇွန်၂၂ ရက်

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က တရုတ်သမ္မတ Xi Jinping ရှီကျင့်ဖျင်ကို အာဏာရှင်အဖြစ် ခေါ်ဝေါ်သုံးစွဲလိုက်သည့်အတွက် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် တုန့်ပြန်လိုက်သည်။

ဇွန်လ၂၁ ရက်နေ့က ကယ်လီဖိုးနီးယားမြောက်ပိုင်းတွင် ဒီမိုကရက်တစ်ပါတီ အလှူရှင်များကိုဧည့်ခံသည့် ပွဲတခု၌ မိန့်ခွန်းပြောစဉ် သတင်းထောက်များ၏ ရှေ့တွင် သမ္မတဘိုင်ဒင်က ပြောကြားခဲ့ခြင်းနှင့်ပတ်သက်၍ တရုတ်အစိုးရအနေဖြင့် ထိုကဲ့သို့ တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

“အမေရိကန်ဘက်ကသဘောထားမှတ်ချက်တွေဟာအလွန်တရာ အဓိပ္ပာယ်မဲ့ပြီး တာဝန်မဲ့ပါတယ်၊ သူတို့က အခြေခံအချက်အလက်တွေ၊ သံတမန်ရေးရာ သဘောတူညီချက်နဲ့ တရုတ်နိုင်ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေပါတယ်” ဟု နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး Mao Ning က ဘေဂျင်းမြို့တော်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သမ္မတဘိုင်ဒင်အနေဖြင့် ဖေဖော်ဝါရီလအတွင်းက အမေရိကန် လေပိုင်နက်၌ ကား ၂ စင်းစာလောက်ရှိသည့် ထောက်လှမ်းရေး ပစ္စည်းများ ပါလာသော တရုတ်ထောက်လှမ်းရေး မိုးပျံပူပေါင်းကို အမေရိကန် စစ်လေယာဉ်များက ပစ်ချလိုက်ခြင်းအတွက် ရှီက ဒေါသထွက်ခဲ့ကြောင်း နှင့် မိုးပျံပူပေါင်းနှင့် ပတ်သက်လို့ တရုတ်သမ္မတ မသိရှိခြင်းသည် အာဏာရှင်များ ကြုံရလေ့ရှိသော ရှက်စရာကိစ္စအဖြစ် ရန်ပုံငွေပွဲတွင် ပြောကြားလိုက်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံကြားပဋိပက္ခများကို ရှောင်ရှားဖို့အတွက် ဆက်သွယ်ရေး ပြန်လည်ထူထောင်ရန် ရည်ရွယ်ပြီး ဘေကျင်းကို အလည်အပတ်ရောက်ရှိပြီးနောက် ရက်ပိုင်းအကြာ သမ္မတဘိုင်ဒင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီး Blinken ၏ ဘေဂျင်းခရီးစဉ်တွင် တိုးတက်မှုများရှိခဲ့သော်လည်း နှစ်နိုင်ငံဆက်ဆံရေး ပုံမှန် အနေအထားရဖို့အတွက် အချိန်ယူရဦးမည်ဟု သမ္မတဘိုင်ဒင်က ပြောကြားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ