
AB News – သြဂုတ် ၅၊ ၂၀၂၅
ချန်ဒြာ
တရုတ်နိုင်ငံ၏ ရေတပ်အင်အား တိုးချဲ့လာမှုကို တုံ့ပြန်ရန်အတွက် သြစတြေးလျနိုင်ငံသည် ဂျပန်နိုင်ငံထုတ် Mogami-class ဖရီးဂိတ်စစ်သင်္ဘော ၁၁ စီးကို ဝယ်ယူတော့မည်ဖြစ်ကြောင်း သြစတြေးလျ ကာကွယ်ရေးဝန်ကြီး Richard Marles က ဩဂုတ်လ ၅ ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
အဆိုပါဝယ်ယူမှုသည် သြစတြေးလျ ရေတပ်ကို အဆင့်မြှင့်တင်ရန်အတွက် အဓိကရည်ရွယ်ပြီး လက်ရှိအသုံးပြုနေသော Anzac-class စစ်သင်္ဘောများ နေရာတွင် အစားထိုးသွားမည်ဖြစ်ကြောင်း သိရသည်။
သြစတြေးလျ အစိုးရသည် ၂၀၂၃ ခုနှစ်တွင် စစ်ရေးပြန်လည်ဖွဲ့စည်းမှုကြီးတစ်ခုကို ကြေညာခဲ့ပြီး လာမည့် ၁၀ နှစ်အတွင်း စစ်သင်္ဘောအရေအတွက်ကို ၁၁ စီးမှ ၂၆ စီးအထိ တိုးချဲ့ရန် စီစဉ်ထားသည်။
ဂျပန်နိုင်ငံ၊ Mitsubishi Heavy Industries မှ တည်ဆောက်ထားသည့် Mogami-class စစ်သင်္ဘောများသည် ကန်ဒေါ်လာ ၆ ဘီလီယံ ကုန်ကျမည်ဖြစ်ပြီး ဂျပန်နှင့် သြစတြေးလျအကြား ချုပ်ဆိုထားသော ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်အရ ဝယ်ယူခြင်းဖြစ်ကြောင်း သိရသည်။
Mogami-class စစ်သင်္ဘောများ၏ စွမ်းဆောင်ရည်များမှာ
( ၁) ရန်သူ့ရေဒါမှ ဖမ်းယူရန်ခက်ခဲသော ဒီဇိုင်းဖြင့်တည်ဆောက်ထားကြောင်း သိရသည်။
( ၂ ) ပိုမိုအားကောင်းသော လက်နက်များ တပ်ဆင်ထားပြီး တာဝေးပစ်ဒုံးကျည်များ ပစ်လွှတ်နိုင်သည့် ဒုံးပစ်စင် ၃၂ ခု ပါဝင်သည်။
( ၃ )Tomahawk ကဲ့သို့သော အဆင့်မြင့်ဒုံးကျည်များကိုလည်း ပစ်ခတ်နိုင်စွမ်းရှိကြောင်း သိရသည်။
ပထမဆုံး Mogami-class စစ်သင်္ဘောကို ၂၀၃၀ ပြည့်နှစ် မတိုင်မီ စတင်အသုံးပြုနိုင်ရန် စီစဉ်ထားပြီး ယခုဆုံးဖြတ်ချက်ကို ဂျာမနီကုမ္ပဏီတစ်ခုနှင့် နှိုင်းယှဉ်ပြီးနောက် သြစတြေးလျအတွက် အသင့်တော်ဆုံးဟု ယူဆကာ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။