AB News -မတ် ၂၉ ၊ ၂၀၂၅
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့ နေ့လယ်ပိုင်းက ၇ ဒဿမ ၇ ပြင်းအားရှိ ငလျင်ဒဏ်ကြောင့် သေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုများနှင့် ပျက်စီးမှုများအတွက် ကူညီကယ်ဆယ်ရေးများ ပြုလုပ်ရန် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေး ဆေးကုသမှုအဖွဲ့ မြန်မာနိုင်ငံသို့ ထွက်ခွာလာကြောင်း တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
ကူညီကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့သည် ယနေ့ မတ်လ ၂၉ ရက်နေ့ နံနက် ၆နာရီခန့်က ကူမင်းမြို့ရှိ Changshui အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကယ်ဆယ်ရေးပစ္စည်းပေါင်း( ၁၁၂) စုံဖြင့် မြန်မာနိုင်ငံသို့ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။
ထိုကူညီကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့တွင် အဖွဲ့ဝင်( ၃၇)ဦး လိုက်ပါလာပြီး အသက်ကယ်ကိရိယာများ၊ ငလျင်ကြိုတင်သတိပေးစနစ်များ၊ ခရီးဆောင်ဂြိုလ်တုများနှင့် ဒရုန်းများအပါအဝင် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ( ၁၁၂)စုံပါရှိလာသည်ဟု သိရသည်။
အလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို မြန်မာနိုင်ငံအတွင်း မန္တလေး၊ တောင်ကြီး၊ စစ်ကိုင်း၊ မိုးကုတ်၊ လားရှိုး၊ နေပြည်တော်၊ ပင်လောင်း၊ ညောင်ဦး၊ မကွေး၊ မင်းတုန်း၊ ပဲခူး၊ ရန်ကုန်၊ ဘားအံ၊ ထားဝယ်၊ သီပေါ၊ မြိတ်၊ ဟင်္သတ အပါအဝင် မြို့များတွင် အပြင်းအထန်ခံစားခဲ့ရပြီး အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ချင်းမိုင်၊ မဲဆောက်တို့တွင်လည်း ငလျင်ဒဏ်အား ခံစားခဲ့ရသည်။
လတ်တလောတွင် မြန်မာနိုင်ငံအတွင်း အဆိုပါ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းတို့တွင် လူဦးရေ ၁၄၄ ဦးသေဆုံးခဲ့ကာ ဒဏ်ရာရသူ ၇၃၂ ဦး ရှိသည်ဟု စစ်ကောင်စီမှ မတ်လ ၂၈ ရက်နေ့ ၉ နာရီအချိန်တွင် ထုတ်ပြန်ခဲ့သည်။
ယင်းအပြင် အင်အားပြင်း ငလျင်ဘေးဒဏ်ခံခဲ့ရသော မြန်မာနိုင်ငံအတွက် အမေရိကန်နိုင်ငံမှ ကူညီသွားမည်ဟု သမ္မတဒေါ်နယ်ထရမ့်ပ်က မတ်လ ၂၈ ရက်နေ့တွင် ပြောကြားခဲ့သည်။
အလားတူ ရုရှားနိုင်ငံမှလည်း ငလျင်ဘေးသင့်မြန်မာနိုင်ငံသို့ ကူညီကယ်ဆယ်ရေး လေယာဥ် နှစ်စင်း ပို့ဆောင်လိုက်သည်ဟု ရုရှားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
အိန္ဒိယနိုင်ငံမှလည်း မြန်မာပြည်သူများအတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပထမအသုတ်ကို စတင်ပေးပို့နေပြီးဖြစ်ကြောင်း စစ်ကောင်စီပိုင် သတင်းဌာနများမှ ထုတ်ပြန်ထားသည်။
ငလျင်ဘေး ကူညီ ကယ်ဆယ်ရေးအတွက် မည်သည့်နိုင်ငံ၊ မည်သည့် အဖွဲ့အစည်းကိုမဆို ဖိတ်ခေါ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုပ်မြင်သံကြား မိန့်ခွန်းတွင် ပြောကြားထားသည်။