Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တရုတ်နိုင်ငံ၏မြို့တော် ဘေဂျင်းတွင် မုန်တိုင်းတိုက်ခတ်၍ ရေကြီးမှုကြောင့် လူ ၁၁ ဦးသေဆုံးကာ ၂၇ ဦးပျောက်ဆုံးနေ

တရုတ်နိုင်ငံ၏မြို့တော် ဘေဂျင်းတွင် မုန်တိုင်းတိုက်ခတ်၍ ရေကြီးမှုကြောင့် လူ ၁၁ ဦးသေဆုံးကာ ၂၇ ဦးပျောက်ဆုံးနေ

ABN-မေအိအိအောင်

သြဂုတ် ၂ ရက်

တရုတ်နိုင်ငံ၏မြို့တော် ဘေဂျင်းတွင် ပြင်းထန်သည့် မုန်တိုင်းတိုက်ခတ်ပြီးနောက် ရေကြီးရေလျှံမှုကြောင့် လူ ၁၁ ဦးသေဆုံးခဲ့ပြီး ၂၇ဦး ပျောက်ဆုံးနေကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်ထားသည်။

တိုင်ဖွန်မုန်တိုင်း ဒေါ့ဆူရီတိုက်ခတ်မှုကြောင့် ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့မှစ၍ တရုတ်နိုင်ငံ၏ မြို့တော် ဘေဂျင်းတွင် မိုးဆက်တိုက်သည်းထန်စွာရွာသွန်းခဲ့ပြီး ယင်းမုန်တိုင်းဒဏ်ကို မြို့တော်၏ အနောက်ပိုင်း၊ အနောက်တောင်ပိုင်းနှင့် တောင်ပိုင်းဒေသများက အဆိုးဝါးဆုံးခံစားခဲ့ရကြောင်း အာဏာပိုင်များကထုတ်ပြန်ထားသည်။

မုန်တိုင်းတိုက်ခတ် ရေလွှမ်းမှုကြောင့် သေဆုံးသူများမှာ မန်တိုဂူခရိုင်မှ ၄ ဦး၊ ဖန်ရှန်းခရိုင်မှ ၂ ဦး၊ ချန်ပင်းခရိုင်မှ ၄ ဦးနှင့်ဟိုင်ဒီယန်ခရိုင်မှ တစ်ဦး စုစုပေါင်း ၁၁ ဦးသေဆုံးခဲ့ကြောင်း ဘေဂျင်း မြို့တော် ရေလွှမ်းမိုးမှုထိန်းချုပ်ရေးနှင့် ကယ်ဆယ်ရေးဌာနကပြောသည်။

ယင်းအပြင် အဆိုပါ ရေလွှမ်းမိုးနေသည့် ခရိုင် ၄ ခုအနက် မန်တိုဂူခရိုင်နှင့် ဖန်ရှန်းခရိုင်တို့မှာ မုန်တိုင်းဒဏ်ကို အဆိုးဝါးဆုံးခံခဲ့ရသည့် ဒေသများဖြစ်သည်။

ပျောက်ဆုံးနေသည့် ဒေသခံ ၂၇ ဦးမှာ မန်တိုဂူခရိုင်မှ ၁၃ဦး၊ ချန်ပင်းခရိုင်မှ ၁၀ဦးနှင့် ဖန်ရှန်းခရိုင်မှ ၄ ဦးဖြစ်ပြီး ယခုအချိန်ထိပျောက်ဆုံးနေဆဲဖြစ်ကြောင်းသိရသည်။

ယမန်နေ့ သြဂုတ်လ ၁ ရက် နံနက် ၆နာရီ တိုင်းတာချက်အရ ဘေဂျင်းမြို့၏ မိုးရေချိန်မှာ ၂၅၇ ဒသမ ၉ မီလီမီတာအထိရှိခဲ့ပြီး၊ ပုံမှန်ပျမ်းမျှမိုးရေချိန်မှာ ၂၃၅ ဒသမ ၁ မီလီမီတာရှိကြောင်းသိရသည်။

မန်တိုဂူနဲ့ ဖန်ရှန်းဒေသတွင် မိုးရေချိန် ၄၇၀.၂မီလီမီတာနှင့် ၄၁၄.၆ မီလီမီတာ အထိအသီးသီးရှိကြောင်း တရုတ်မိုးလေဝသဌာနကထုတ်ပြန်ထားသည်။

ဘေဂျင်းမြို့အနီးတဝိုက်တွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် မိုးကြီးရေလျှံမှုများဖြစ်ပွားပြီး မြို့တွင်းနေထိုင်သူ ၁၂၇၀၀၀ ဝန်းကျင်မှာလည်း ယာယီနေရာသို့ ပြောင်းရွှေ့နေရကြောင်းသိရသည်။

အဆိုပါ မုန်တိုင်းသည် ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်နေ့တွင် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်တွင် ၁ နာရီလျှင် မိုင် ၁၁၀နှုန်းဖြင့် တိုက်ခတ်ခဲ့ပြီး လူပေါင်း ၈၈၀,၀၀၀ ကိုထိခိုက်ခဲ့ပြီး ဒေသခံ ၅ သိန်းကျော် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည်။

ယင်းမတိုင်မီ တိုက်ဖွန် ဒေါ့ဆူရီမုန်တိုင်းသည် တရုတ်ပြည်ကိုမဝင်မီ ဖိလစ်ပိုင်တွင် ဝင်ရောက်တိုက်ခတ်ခဲ့၍ ဒေသခံ ၃၉ ဦး သေဆုံးခဲ့ကြောင်းသိရသည်။

Source-AFP

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ