Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တရုတ်ခရီးသွားများ ပြန်လည်ရောက်ရှိလာရေး ထိုင်းနှင့်အင်ဒိုနီးရှား အရှိန်မြှင့်ဆောင်ရွက်

(ဘာသာပြန်ဆောင်းပါး)

ABN-ကျော်ဇံ

သုံးနှစ်ကြာ ခရီးသွားလုပ်ငန်းများ ရပ်စဲသွားပြီးနောက် အရှေ့တောင်အာရှ၏ ခရီးသွားလုပ်ငန်းများ အရှိန်မြှင့်လည်ပတ်ဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေကြပြီလား။

တရုတ်နိုင်ငံကို ကမ္ဘာကြီးနှင့် သုံးနှစ်ကြာအဆက်ဖြတ်ထားသည့် ကိုဗစ်ကာလ နယ်စပ်ကန့်သတ်မှုများကို တရုတ်အစိုးရက လျှော့ချလိုက်သည့်အခါ ဘာလီရှိ ဆနာကမ်းခြေရှိ ခရီးသည်များ လာရောက်လည်ပတ်လေ့ရှိသည့် နေရာများတွင် အမှတ်တရပစ္စည်းများရောင်းသူ ကိုမန် တစ်ယောက် အပျော်ကြီး ပျော်ရွင်လျှက်ရှိနေသည်။

“ကျွန်တော် တရုတ်ခရီးသည်တွေ ဘာလီကို ထပ်ပြီးလာဖို့ မျှော်လင့်နေပါတယ်၊ အဲဒီအတွက် စိတ်လှုပ်ရှားနေပါတယ်။” ဟု အသက် ၃၆နှစ်အရွယ် ကိုမန် ကပြောသည်။

“ပိုပြီးအရေးကြီးတာကတော့ ကမ္ဘာလှည့်ခရီးသည်တွေ ဒီမှာအမြဲတမ်းရှိနေရင် ကျွန်တော်တို့အတွက် ဝင်ငွေရှိနေတယ် လို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။”

ကိုမန်တစ်ယောက်ကတော့ တရုတ်ပြည်မှာ ကိုဗစ်လူနာတွေတိုးနေတယ်လို့သိပေမယ့် ကိုဗစ်ပျံ့နှံ့မှာကို ကြောက်မနေပါဘူး။ “လုံးဝ မစိုးရိမ်တာပါ။ ဘာလီကို ခရီးသည်တွေလာတဲ့အခါ သူတို့ကျန်းမာနေတယ်ဆိုရင် အဆင်ပြေပါတယ်။ ကျွန်တော်က ကာကွယ်ဆေးလည်းထိုးထားတဲ့အတွက် ခရီးသည်တွေနဲ့ ဆက်ဆံပြောဆိုရမှာကို မကြောက်ပါဘူး” ဟု သူကပြောသည်။

အပြုသဘောဆောင်ပြီးမြင်နေသူများမှာ သူတစ်ယောက်တည်း မဟုတ်ပါ။ အရှေ့တောင်အာရှတဝှမ်းမှာရှိသည့် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ လေကြောင်းလိုင်းများသည်လည်း တရုတ်နှစ်သစ်ကူးအခါသမယတွင် တရုတ်ခရီးသည်များ လာရောက်လည်ပတ်ဖို့ မျှော်လင့်နေကြသည်။

မေးခွန်းတစ်ခုက ခရီးသွားလုပ်ငန်းများမှာ ခရီးသည်များကို လက်ခံရန် အဆင်သင့်ဖြစ်နေပြီလား ဆိုသည့် အချက်ပင်ဖြစ်သည်။

တရုတ်နိုင်ငံမှ ကိုဗစ်ပြီးကတည်းက ပထမဆုံး တိုက်ရိုက်လေယာဥ်သည် ခရီးသည် ၂၀၀ကျော်တင်‌ဆောင်လျှက် ကိုဗစ်မတိုင်ခင် တရုတ်ခရီးသည်များ အလည်ပတ်ဆုံးဖြစ်သည့် ထိုင်းနိုင်ငံကို ဇန်နဝါရီ ၉ ရက်နေ့တွင်ရောက်ရှိလာသည်။

ထိုင်းကျန်းမာရေးဌာန၊ ခရီးသွားနှင့် ဝန်ဆောင်မှုဌာနတို့သည် ၄င်းလေယာဥ်ကို ပန်းကုံးပန်းပွင့်များနှင့် လေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့သည်။

ထိုင်းကျန်းမာရေးဝန်ကြီးဖြစ်သူ အညူတင် ချာဗီရာခူ က “ဒီဟာက ထိုင်းခရီးသွားလုပ်ငန်းအတွက် ကောင်းမွန်တဲ့အချက်ပါ။ ပြီးရင် လွန်ခဲ့တဲ့ သုံးနှစ်အတွင်း နှောင့်နှေးပျက်စီးသွားတဲ့ ထိုင်းနိုင်ငံအတွက် အခွင့်အလမ်းတစ်ခုလည်းဖြစ်ပါတယ်။” ဟုပြောဆိုခဲ့သည်။

၄င်းနေ့မနက်ခင်းတွင်ပင် ထို တရုတ်နိုင်ငံမှ ဝင်ရောက်လာသော ခရီးသည်များကို ကာကွယ်ဆေးနှင့် အာမခံ လိုအပ်ချက်များ တောင်းခံမည်မဟုတ်ကြောင်း၊ နှစ်နိုင်ငံစလုံးတွင် လုံလောက်သော ကာကွယ်ဆေးများထိုးပေးထားပြီး ထိုင်းနိုင်ငံတွင် ကိုဗစ်ဖြစ်ပွားခြင်းနှင့် အဆင်မပြေမှုများ လျော့နည်းသွားပြီဖြစ်ကြောင်းင်းအာဏာပိုင်များက ကြေငြာခဲ့သည်။ လမ်းကြောင်းများဖွင့်ပြီးနောက် အမေရိကန်၊ သြစတြေးလျှ၊ ဂျပန်တို့အပါအဝင် ဒါဇင်နှင့်ချီသော နိုင်ငံများက တရုတ်နိုင်ငံက ဝင်ရောက်လာသော ခရီးသည်များကို ကိုဗစ်စစ်ဆေးခြင်းနှင့် ကွာရန်တင်းကန့်သတ်ချက်များကို ချမှတ်ခဲ့ကြသည်။ သို့ရာတွင် တောင်ကိုရီးယားနိုင်ငံက ၄င်းခရီးသည်များအတွက် ရေတိုဗီဇာ ထုတ်ပေးခြင်းများကို ဆိုင်းငံထားခဲ့သည်။

တရုတ်နိုင်ငံသည် တခြားသောနိုင်ငံကြီးများထက် တင်းကျပ်သည့် ဇီးရိုးကိုဗစ် မူဝါဒကို အချိန်တာရှည်ချမှတ်ခဲ့သည်။ ကမ္ဘာအရပ်ရပ်ရှိ တခြားသောနေရာများမှ ခရီးသည်များ အရှေ့တောင်အာရှသို့ အတိုင်းအတာတခုထိ စိမ့်ဝင်လာနေချိန်တွင် တရုတ်မပါသည့် ခရီးသွားလုပ်ငန်းသည်လည်း ကိုဗစ်မတိုင်ခင် အနေအထားကို ရောက်ဖို့ မျှော်လင့်ချက်အလွန်နည်းပါးလွန်းလှသည်။

၂၀၁၉ စာရင်းဇယားအချက်အလက်များအရ တရုတ်ခရီးသွားများသည် ပြည်ပတွင်ခရီးသွားစဥ်အတွင်း ဒေါ်လာ၂၅၄ ဘီလီယံအထိ သုံးစွဲခဲ့ကြောင်းတွေ့ရှိရပြီး အများစုမှာ အာရှတွင်သုံးစွဲခဲ့ကြခြင်းဖြစ်သည်။ ထို ၂၀၁၉တွင်ပင် အင်ဒိုနီးရှားကိုသွားရောက်သည့် တရုတ်ခရီးသည်တစ်ဦးသည် ပျမ်းမျှ ဒေါ်လာ ၁,၁၁၄ သုံးစွဲကြပြီး ထိုင်းနိုင်ငံကိုသွားရောက်လည်ပတ်သူများမှာ ဒေါ်လာ ၁၄၆၇ ထိ သုံးစွဲကြသည်ကို တွေ့ရသည်။ ထိုကဲ့သို့ ငွေဝင်ပေါက်ကြီး ရပ်သွားသည့်အခါ တခြားကမ္ဘာလှည့်ခရီးသည်များ မဖြည့်စွမ်းနိုင်သည့် ဟာပေါက်ကြီးတစ်ခု ကျန်နေခဲ့သည်။

ဤကဲ့သို့ဖြစ်ရခြင်းမှာ ကိုဗစ်ကာလမတိုင်ခင် အရှေ့တောင်အာရှသို့ လာရောက်လည်ပတ်သူများ၏ ၂၂ရာခိုင်နှုန်းမှာ တရုတ်ခရီးသည်များဖြစ်ပြီး သူတို့၏ ငွေကြေးသုံးစွဲမှုက အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးခဲ့သောကြောင့်ဖြစ်သည်။ ကမ္ဘာ့ခရီးသွားနှင့် ဝန်ဆောင်မှုလုပ်ငန်းကောင်စီ၏ နောက်ဆုံးအချက်အလက်များအရ ခရီးသွားနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အင်ဒိုနီးရှားတွင် လူပေါင်း ၁၁သန်းနီးပါး၊ ဖိလစ်ပိုင်တွင် ၈သန်းနီးပါး၊ ထိုင်းနိုင်ငံတွင် ၇သန်းနီး ပါးထိ အလုပ်ခန့်အပ်ထားခြင်းများရှိခဲ့သည်။

လက်ဆောင်ပစ္စည်းရောင်းသူ ကိုမန်ကဲ့သို့ RedDoorz ဟိုတယ်လုပ်ငန်းစု သည်လည်း မူလက လာရောက်လည်ပတ်သူအများစုမှာ ပြည်တွင်းခရီးသွားများသာရှိသော်လည်း တရုတ်ခရီးသွားပြန်လာခြင်းနှင့်ပတ်သတ်ပြီး အလွန်ပင် စိတ်အားထက်သန်နေကြသည်။

“တရုတ်ခရီးသည်တွေက အရေးကြီးပါတယ်” ဟု အင်ဒိုနီးရှားတွင် လုပ်ငန်းခွဲစတင်တည်ထောင်သူ အမိထ် ဆာဘာဝယ်လ် က နစ်ကီအေးရှားသတင်းဌာနကို ပြောသည်။ “သူတို့တွေဟာ ခရီးသွားလုပ်ငန်းကို မောင်းနှင်ပေးကြတဲ့ ဒရိုင်ဘာတွေဖြစ်ကြပြီး ဒီခရီးသွားလုပ်ငန်းနဲ့ဆိုင်တဲ့ စိတ်ကူးတွေကိုလည်း အကောင်အထည်ဖော်ပေးနိုင်မှာ အသေအချာပါ” ဟု ထပ်မံဖြည့်ပြောသည်။

လေကြောင်းလိုင်းများမှာလည်း ခရီးသွားလုပ်ငန်းများ ပြန်ဖွင့်လာစဥ်အတွင်း အခွင့်အလမ်းများကို ရှာဖွေနေကြသည်။ Viet Jet Air လေကြောင်းလိုင်းသည် ၂၀၂၃၊ ဇွန်လမတိုင်ခင် ဗီယက်နမ်-တရုတ် လေကြောင်းလိုင်းကို ပြန်ဖွင့်ရန် စီစဥ်လျှက်ရှိသည်။

“တရုတ်နိုင်ငံရဲ့ ကိုဗစ်တားမြစ်ချက်တွေကို ဖယ်ရှားပြီး၊ နှစ်နိုင်ငံကြား ခရီးသွားမူဝါဒတွေကို ပြန်စတင်ပြီးနောက် Viet Jet လေကြောင်းလိုင်းဟာ ဗီယက်နမ်ရဲ့ စီးပွားရေးအထင်ကရမြို့ကြီးတွေနှင့် ခရီးသည်တွေ လာရောက်လည်ပတ်ကြတဲ့ မြို့တွေမှ လူအစည်ကားဆုံးတရုတ်မြို့ကြီးများသို့သွားရောက်မည့် ဗီယက်နမ်-တရုတ် လေကြောင်းလိုင်းကို ၂၀၂၃မှာ ဦးစားပေးဖွင့်သွားပါမယ်” ဟု ဗီယက် ဂျက် ဒု-ဥက္ကဌ ငုယန်ထန် ဆွန် မှ ဇန်နဝါရီလ အစောပိုင်းတွင် ပြောကြားခဲ့သည်။

၂၀၂၃ အကုန်တွင် ကိုဗစ်မတိုင်ခင်ကာလ သတ်မှတ်ချက်နှင့် နှိုင်းယှဥ်ပါက ၂၀% မှ ၃၀% အထိ လေကြောင်းခရီးစဥ်များကို တိုးမြှင့်သွားရန် ကုမ္ပဏီအနေဖြင့် စီစဥ်ထားကြောင်း ပြောကြားခဲ့သည်။ ဗီယက်-ဂျက် လေကြောင်းလိုင်းသည် ကိုဗစ်မတိုင်ခင် ဗီယက်နမ်-တရုတ်နှစ်နိုင်ငံကြား ခရီးစဥ်စွမ်းဆောင်ရည် ၅၀ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး လေကြောင်းခရီးစဥ် အများဆုံးလည်းဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံတွင် ခရီးသွားနှင့် စီးပွားရေး ဝန်ကြီး ဆန်ဒီယာဂါ အူနို က Air China, China Southern, Chinese Eastern တို့အပါအဝင် တရုတ်လေကြောင်းများသည် ဘာလီသို့ တိုက်ရိုက် လေကြောင်းများထားရှိရန် မေတ္တာရပ်ခံထားကြောင်း ပြောကြားခဲ့သည်။

Malaysia လေကြောင်းလိုင်းများသည်လည်း ၂၀၂၃ ပထမနှစ်ဝက်အတွင်း တရုတ်နှင့် အာရှမြောက်ပိုင်းတို့အတွက် လေကြောင်းလုပ်ငန်းတစ်ခုလုံးကို ပြန်လည်စတင်နိုင်ရန် မျှော်လင့်နေကြသည်။ သို့ရာတွင် တချို့စီးပွားရေးလုပ်ငန်းများမှာလည်း တရုတ်နှစ်သစ်ကူးအမီမျှော်လင့်ချက်ဖြစ်လာစေရန် မျှော်လင့်နေကြသည်။

တရုတ်နှစ်သစ်ကူးမတိုင်မီ တရုတ်နိုင်ငံ၏ ရုတ်တရက် လမ်းဖွင့်ပေးခြင်းက ဗီဇာများထုတ်ပေးရန်၊ နိုင်ငံကူးလက်မှတ်များပြုလုပ်ရန်နှင့် လေကြောင်းနှင့် ဟိုတယ်လုပ်ငန်းများအတွက် အချိန်မလုံလောက်မှုကို ဖြစ်စေသည်။

ထိုင်းခရီးသွားအေဂျင်စီတစ်ခု၏ ပိုင်ရှင်ဖြစ်သူ ပွန်နာပွန် ဝန်ဂျွန်ပန် က “စီးပွားရေးလုပ်ငန်းရှင်က ကျွန်တော်တို့ပေးနိုင်တာထက် ပိုပြီး တောင်းဆိုနေကြတယ်” ဟု ဆိုသည်။

တရုတ်ခရီးသည်များကိုသာ ပစ်မှတ်ထားသည့် ဟိုတယ်တချို့မှာလည်း ပြန်မဖွင့်သေးပေ။ တရုတ်စကားပြောသော ဧည့်လမ်းညွန်များနှင့် ဘတ်စကားသမားများမှာလည်း ကျောင်းဆရာအလုပ် သို့ တခြားလုပ်ငန်းများကို ရွေးချယ်သွားကြသည်။

တရုတ်ခရီးသည်များကိုသာ အလွန်အကျွံဦးစားပေးသည့် ထိုင်းခရီးသွားဝန်ဆောင်မှု အသင်းအဖွဲ့မှ အဖွဲ့ဝင်တချို့မှာလည်း ကိုဗစ်ကာလအတွင်းလုပ်ငန်းများပိတ်သိမ်းလိုက်ကြပြီး “စောင့်ကြည့်” အနေအထားတွင်သာရှိနေသည်ဟု ပွန်နာပွန် မှ ထပ်လောင်းပြောကြားသည်။

စင်ထရယ် အုပ်စု ရှောပင်းစင်တာများတွင် ထိုင်းလက်လီသမားများသည် တရုတ်အစိုးရက နိုင်ငံတကာခရီးစဥ်များကို ပြန်မဖွင့်ပေးခင်ကပင် တရုတ်နှစ်သစ်ကူးကာလ ပရိုမိုးရှင်းများကို ကြိုတင်စီစဥ်ခဲ့ကြသည်။

“ကျွန်‌တော်တို့ အခုမျှော်လင့်နေကြသလို တရုတ်ခရီးသည်တွေကို အားမကိုးခဲ့ပါဘူး။ ကျွန်တော်တို့အနေနဲ့ ၂၀၂၃ အတွင်းမှာ စီးပွားရေးလုပ်ငန်းတွေ ပြန်စတင်ဖို့ မျှော်လင့်ခဲ့တာပါ” ဟု စင်ထရယ်နှင့် ရိုဘင်စင် စျေးရောင်းစင်တာ စီအီးအို အိုလီဗီယာ ဘရွန်မှ ပြောကြားခဲ့သည်။

ကုမ္ပဏီအနေဖြင့် တရုတ်ခရီးသည်များကို ရောင်းအားနှစ်ဆတိုးမြှင့် ရောင်းချရန် ရည်ရွယ်ထားပြီး ၂၀၂၃တွင် ပြီးခဲ့သည်နှစ်အတွင်းက ပျမ်းမျှရောင်းအား ၂၀ရာခိုင်နှုန်းအထိ တိုးမြှင့်ရောင်းချသွားရန် စီစဥ်ထားကြောင်းပြောသည်။

တရုတ်နိုင်ငံ၏ Trip.com Group ၏ စီအီးအို ဂျိန်း ဆင် က “ကိုဗစ်ကန့်သတ်ချက်တွေကြောင့် ဝင်ငွေ အလွန်ထိခိုက်သွားပြီးတဲ့နောက် လွန်ခဲ့တဲ့သုံးနှစ်အတွင်း ခရီးသွားလုပ်ငန်း ကုမ္ပဏီဟာ လူဦးရေ လျော့ချတာတွေကို ပြုလုပ်ခဲ့တယ်။ ခရီးသွားလုပ်ငန်းတွေရဲ့ စွမ်းဆောင်ရည်ဟာလည်း ၂၀၁၉ ခုနှစ် အဆင့်အတန်းကို မမှီသေးဘူး။ လေကြောင်းလိုင်းတွေနဲ့ ဟိုတယ်လုပ်ငန်းတွေအားလုံး ဒီဟာကွက်ကို ဖြည့်နိုင်ရင်တောင် ၂၀၁၉ခုနှစ် အဆင့်ကို မှီနိုင်မှာ မဟုတ်သေးဘူး” ဟု ဆိုသည်။

Trip.com အုပ်စု၏ ဒေတာအချက်အလက်များအရ – ဇန်နဝါရီလ အစောပိုင်းမှ ဖေဖော်ဝါလ အလယ်ထိ- အားလပ်ရက် ခရီးသွားကာလအတွင်း ခရီးစဥ်များရှာဖွေမှုများမှာ ကိုဗစ်မတိုင်ခင် ခရီးသွားနေရာရှာဖွေခြင်းအထိ အရေအတွက်အလွန်တိုးတက်လာပြီး အရှာဖွေအခံရဆုံး နေရာများမှာ ဂျပန်၊ ထိုင်း၊ တောင်ကိုရီးယား၊ အမေရိကန်၊ ယူကေ၊ စင်ကာပူ၊ မလေးရှား နှင့် သြစတေးလျှတို့ဖြစ်သည် ကို တွေ့ရသည်။ ခရီးစဥ်တစ်ခုလုံးတာဝန်ယူဆောင်ရွက်သည့် ခရီးစဥ်များကို နှစ်သစ်ကူးကာလအတွင်း ရှာဖွေခြင်းမှာ ၆ ဆ အထိ တိုးမြင့်ခဲ့ကြောင်းတွေ့ရသည်။

ခရီးသွားလုပ်ငန်းအနေဖြင့် အလွန်များပြားသော တောင်းဆိုမှုများကို ရင်ဆိုင်ဖြေရှင်းရန် ကြိုးပမ်းနေရသော်လည်း Trip.com ၏ တရုတ်ဘာသာစကား ပလက်ဖောင်း Ctip မှ ပြီးခဲ့သည့်နှစ်တွင် နိုင်ငံတကာတွင် ‌‌ရောက်ရှိနေကြသော တရုတ်ခရီးသွားများကို ပြန်လည်ဆက်သွယ်ရန် ကန်ပိန်းတစ်ခု စတင်လုပ်ဆောင်ခဲ့သည်။ ကုမ္ပဏီအနေဖြင့် နိုင်ငံပေါင်း ၂၀မှ ယွန် ၁ ဘီလီယံ (ဒေါ်လာ ၁၄၇သန်း) နှင့် ညီမျှသော ခရီးသွားရာတွင် သုံးနိုင်သည့်ဘောက်ချာများကို ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

လေကြောင်းခရီးစဥ်များအကန့်အသတ်နှင့် ရှိခြင်းနှင့်အတူ လေယာဥ်ခ စျေးမြင့်ခြင်းကလည်း အားလပ်ရက်ကာလအတွင်း ပြည်ပသွားရန် တာစူနေသည့် တရုတ်ခရီးသည် တချို့ကို ပိတ်ပင်သကဲ့သို့ ဖြစ်နေသည်။

ကိုဗစ်ကန့်သတ်ချက်များမှ ပြန်လည်လွပ်လပ်စွာသွားလာနိုင်သည့် ချန်ကျန်းပြည်နယ်ရှိ အိမ်ရှင်မတစ်ဦးဖြစ်သူ ကေယို လင်နာ က ကျွန်မတို့ အိမ်မှာပဲနေကြပါမယ်၊ အနီးအနား နေရာတချို့ကိုသွားချင်သွားမယ်ပေါ့လေ့။ ပြည်ပကို ခရီးသွားမယ့်ဟာကတော့ လေယာဥ်ခတွေ စျေးကြီးလွန်းလို့ မဖြစ်နိုင်ပါဘူး” ဟု ဆိုသည်။

သည်နှစ်အတွင်း များစွာသော တရုတ်များသည်လည်း နိုင်ငံတွင်း ခရီးသွားရန် သို့မဟုတ် အိမ်တွင်း၌သာ နေရန် စီစဥ်နေကြသည်။ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်မှုများဖြေလျော့လိုက်ပြိးနောက် တရုတ်နိုင်ငံ၏ ပြည်တွင်းနှစ်သစ်ကူးခရီးစဥ်သည် ၂ဘီလီယံအထိ နှစ်ဆခန့် မြင့်တက်မည်ဖြစ်သည်။ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနမှ ဇန်နဝါရီလ အစောပိုင်းတွင် ယခုနှစ်အတွင်း ခရီးစဥ်အရေအတွက်သည် ၂၀၁၉ခုနှစ် ကဲ့သို့ ၇၀.၃ရာခိုင်နှုန်းအထိ ရောက်ရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

လေကြောင်းအချက်အလက်များပေးပို့သည့် OAG စာရင်းအရ ၂၀၁၉ခုနှစ် နှင့် နှိုင်းယှဥ်ပါက အပတ်စဥ် တရုတ်နိုင်ငံမှ အရှေ့တောင်အာရှသို့သွားသည့် ထိုင်ခုံရရှိနိုင်မှုသည် ၃၀ရာခိုင်နှုန်းအောက်ကျဆင်းနေသည်ကို တွေ့ရသည်။

သို့ရာတွင် တရုတ်နိုင်ငံမှ အသက် ၂၉နှစ်အရွယ် ဂျက်စပါ ကဲ့သို့ ခရီးသည်များသည် နေရာမရွေးသွားလိုကြပြီး ခရီးသွားဝန်ဆောင်မှုများ လိုအပ်ချက်ကို ပြည့်သည်နှင့်တပြိုင်နက် အရှေ့တောင်အာရှနိုင်ငံများသည်လည်း ပိုမိုကောင်းမွန်သော ခရီးသွားလုပ်ငန်းကို မျှော်လင့်နိုင်မည်ဖြစ်သည်။ သူသည် တရုတ်နိုင်ငံတောင်ပိုင်းမှ ထိုင်းနိုင်ငံသို့ ရနိုင်သည့် လေယာဥ်ခရီးစဥ်များထဲမှ တစ်ခုကို စာရင်းပေးခဲ့ပြီး လေယာဥ်လက်မှတ်တစ်ခုအတွက် ဒေါ်လာ ၁၀၀၀ အထိအသုံး​ပြုခဲ့သည်။ ၄င်းပမာဏမှာ ကိုဗစ်ကာလမတိုင်ခင် စျေး၏ သုံးဆခန့် ရှိသည်။

ဂျက်စပါ က “အပြင်မထွက်ဘဲ သုံးနှစ်လောက်ကြာသွားပြီးတဲ့နောက် နည်းနည်း ကြောက်သလို ခံစားရတယ်၊ ကျွန်တော်နဲ့ ကျွန်တော့် ကောင်မလေး တို့ တခြားမြို့ပြင်ခရီးစဥ်တွေ မသွားခင် ကိုယ်မှတ်ထားတဲ့နေရာကို ‌ရောက်ဖို့ ဘန်ကောက်မှာ ရက်နည်းနည်းလောက် နေဖို့ စီစဥ်ထားတယ်” ဟု ပြောသည်။

ကိုဗစ်မတိုင်ခင် သူတို့၏ ခရီးစဥ်သည် ၂၀၁၉ ဒီဇင်ဘာတွင် ဂျပန်ကို အလည်သွားခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ဂျပန်သို့သွားရာတွင် ကိုဗစ်နှင့်ဆက်စပ်သော ကန့်သတ်ချက်များကြောင့် ဂျက်စပါ နေခဲ့ဖူးသော ထိုင်းမြို့တော် ဘန်ကောက်ကို ရွေးချယ်ထားကြသည်။ ပြည်ပကို မသွားဘဲ သုံးနှစ်ခန့် နေခဲ့ရပြီးနောက် သူ့အနေဖြင့် ၄င်းကန့်သတ်ချက်များကို စောဒလည်း မတက်လိုတော့ပေ။

“အမှန်အတိုင်း ပြောရရင် ပိုက်ဆံသုံးရမှာတောင် စိတ်လှုပ်ရှားနေတယ်ဗျာ” ဟု သူကပြောသည်။

NIKKEI Asia သတင်းဌာနမှ Thailand and Indonesia gear up for return of Chinese tourists စီးပွားရေးဆောင်းပါးကို ABN သတင်းဌာနမှ ကျော်ဇံ ဘာသာပြန်ထားသည်။

တရုတ်ခရီးသွားများ ပြန်လည်ရောက်ရှိလာရေး ထိုင်းနှင့်အင်ဒိုနီးရှား အရှိန်မြှင့်ဆောင်ရွက်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ