Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တပတ်နွမ်း တိုက်လေယာဥ်တွေကို ဒေါ်လာသန်း ၈၀၀ နဲ့ ဝယ်ဖို့ အင်ဒိုနီးရှား အတည်ပြု

တပတ်နွမ်း တိုက်လေယာဥ်တွေကို ဒေါ်လာသန်း ၈၀၀ နဲ့ ဝယ်ဖို့ အင်ဒိုနီးရှား အတည်ပြု

ABN – ဇွန်လ (၂၀) ရက်၊ ၂၀၂၃

ကျော်ဇံ – ဘာသာပြန်

တိုက်လေယာဥ်တွေဟာ အရမ်းဟောင်းနွမ်းနေပြီ ဖြစ်တယ်လို့ ဥပဒေပြု လွှတ်တော်အမတ်တွေက ထောက်ပြဝေဖန်ခဲ့ကြပေမယ့် အင်ဒိုနီးရှား လေတပ်ကို အဆင့်မြှင်တင်ဖို့ မြန်ဆန်တဲ့ နည်းလမ်းတစ်ခုဖြစ်တဲ့ ကာတာနိုင်ငံက သုံးပြီးသား တပတ်နွမ်း Mirage 2000-5 တိုက်လေယာဥ် ၁၂ စီးကို ကန်ဒေါ်လာ သန်း ၈၀၀ နီးပါးအသုံးပြုပြီး ဝယ်ယူခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့က အင်ဒိုနီးရှား အစိုးရက အတည်ပြုပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှားအစိုးရဟာ ဇန်နဝါရီလ အတွင်း လေယာဥ်ဝယ်ယူဖို့ ချက် ကာကွယ်ရေးကုမ္ပဏီ Czechoslovak Group (CSG) အခွဲတစ်ခုဖြစ်တဲ့ Excalibur International a.s. နဲ့ စတာလင်ပေါင် ၇၃၃ သန်း (ကန်ဒေါ်လာ ၇၉၂ သန်း) တန်ဖိုးရှိတဲ့ သဘောတူညီချက်တစ်ခု ကို လက်မှတ် ရေးထိုးခဲ့ကြတယ်လို့ အင်ဒိုနီးရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီတိုက်လေယာဥ်တွေကို လက်မှတ်ရေးထိုးတဲ့ နေ့ကစပြီး ၂၄ လ အတွင်း ပို့ပေးမယ်လို့ ဆိုထားပါတယ်။

မောင်းနှင်သူ တစ်ဦးသာ ထိုင်လို့ရတဲ့ ထိုင်ခုံတစ်ခုံပါ တိုက်လေယာဥ် (၉)စီး၊ မောင်းသူနဲ့ အရံတစ်ဦး လိုက်လို့ရတဲ့ ထိုင်ခုံ နှစ်ခုံပါ (၃) စီးကို ဝယ်ယူဖို့ သဘောတူညီချက်ကို ဗုဒ္ဓဟူးနေ့က အင်ဒိုနီးရှားမီဒီယာတွေမှာ ဖော်ပြခဲ့ကြပြီး လေယာဥ်ဝယ်ယူမဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဥပဒေပြုလွှတ်တော်အမတ်တွေကတော့ သံသယပွားခဲ့ကြတယ်လို့ ဆိုပါတယ်။

“အသုံးပြုပြီး တပတ်နွမ်းတိုက်လေယာဥ်တွေကို ဝယ်ယူဖို့ ဘာလို့အဲ့လောက်ထိ အရေးတကြီး ဖြစ်နေရတာလဲ” လို့ Kompas သတင်းစာမှာ ဥပဒေပြုလွှတ်တော် အမတ် Tubagus Hasanuddin စကားကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

Dassault Aviation လို့ခေါ်တဲ့ လေယာဥ်ထုတ်လုပ်ရေး ဝက်ဘ်စာမျက်နှာရဲ့ ဖော်ပြချက်အရ အင်ဒိုနီးရှားက ဝယ်ယူတဲ့ တိုက်လေယာဥ် မော်ဒယ်တွေကို ၁၉၆၇ ခုနှစ်မှာ ပထမဆုံး စတင်ထုတ်လုပ်ခဲ့တာလို့ ဆိုပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာနကတော့ တိုက်လေယာဥ်တွေရဲ့ သက်တမ်းကို မဖော်ပြထားပါဘူး။ ပြီးရင် အဲဒီ သဘောတူညီချက်မှာ လေယာဥ်ကို ပြုပြင်ထိမ်းသိမ်းပေးမယ့် ၃ နှစ်တာဝန်ဆောင်မှုနဲ့ တိုက်လေယာဥ်မောင်း သင်တန်းတွေပါ ပါဝင်မယ်လို့ ဆိုထားပါတယ်။

အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ ပြောရေးဆိုခွင့်ရှိသူ Edwin Adrian Sumantha က ထုတ်ပြန်ချက်တစ်ခုအတွင်းမှာ “အင်ဒိုနီးရှားရဲ့ လေတပ်မှာ တိုက်ပွဲအတွက် အဆင်သင့်ရှိနေမှု လျော့ကျတာကို ပြန်လည်ဖြည့်တင်း ပြင်ဆင်ဖို့ တိုက်လေယာဥ်တွေကို မြန်မြန်ဆန်ဆန် ပို့ဆောင်ပေးဖို့ လိုအပ်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှားအစိုးရဟာ အမေရိကန်လုပ် F-16 နဲ့ ရုရှားလုပ် Sukhoi Su-27, Su-30 တိုက်လေယာဥ်တွေပါဝင်တဲ့ သူတို့ရဲ့ သက်တမ်းကြာနေပြီဖြစ်တဲ့ လေတပ်အင်အားကို ပြန်လည်ပြုပြင်ဖို့ ကြိုးစားနေတာ အတော်ကြာပါပြီ။

အင်ဒိုကာကွယ်ရေးဝန်ကြီးဌာန ကတော့ F-5 Tiger တိုက်လေယာဥ်တွေကို Su-35 တွေနဲ့ ပြန်လည်အစားထိုးဖို့ သူတို့ရဲ့ အစီအစဥ်တွေဟာ အမေရိကန်ရဲ့ ရုရှားအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ကြန့်ကြာနေရတယ်လို့ ဆိုပါတယ်။ ပြီးရင် အစိုးရအနေနဲ့ လေတပ်ကို အဆင့်မြှင့်တင်ဖို့ တခြားအစီအစဥ်တွေရှိပေမယ့် အချိန်ယူရဦးမယ်လို့ ဆိုထားပါတယ်။

အင်ဒိုနီးရှားအစိုးရဟာ ၂၀၁၇ ခုနှစ်အတွင်းက ရုရှားဆီကနေ Su-35 တိုက်လေယာဥ် ၁၁ စင်းကို ငွေသားလက်ငင်းအပါအဝင် အင်ဒိုနီးရှား ပိုင်ဆိုင်မှုတွေနဲ့ ဝယ်ယူမဲ့ အစီအစဥ်ကို ကြေငြာခဲ့ပါတယ်။

ဖေဖော်ဝါရီ လအတွင်းမှာတော့ ကန်ဒေါ်လာ ၈.၁ ဘီလီယံ တန်ဖိုးရှိတဲ့ Rafale တိုက်လေယာဥ် ၄၂ စင်းကို မှာယူဖို့ သဘောတူညီချက်ကို အစိုးရက ချမှတ်ခဲ့ပါတယ်။ စီစဥ်ထားပြီးသားဖြစ်တဲ့ F-15 တိုက်လေယာဥ်တွေကို ဝယ်ယူဖို့ အစီအစဥ်ဟာ ကြိုတင်ပြင်ဆင်ပြီးသား အနေအထားမှာ ရှိပေမယ့် အစိုးရဆီက နောက်ဆုံး သဘောတူညီချက်ကို စောင့်ဆိုင်းနေတုန်းပဲလို့ ကာကွယ်ရေးဝန်ကြီး Prabowo Subianto က ပြီးခဲ့တဲ့ နှစ်က ပြောကြားခဲ့ပါတယ်။

Ref – Bangkokpost, Reuters/ Photo – ANTARA News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ