
AB News -သြဂုတ်၂၄၊ ၂၀၂၅
ဒေဝီ
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ အကြမ်းဖက်စစ်အုပ်စု ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂) သို့ သီးသန့်သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားပေးမီးလိုင်းများကို တော်လှန်ရေးအင်အားစုများက သြဂုတ်လ ၁၇ ရက်နေ့တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူမြောက်ပိုင်းတပ်ဖွဲ့၊ ပေါက်မြို့နယ် ပကဖနှင့် ဆိပ်ဖြူပြောက်ကျားတစ်ကိုယ်တော် ကျားဇိုးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုဖြစ်ပွားသည့်နေရာမှာ ဆိပ်ဖြူမြို့၏ မြောက်ဘက်၊ ဆိပ်ဖြူ-ပေါက်လမ်းဘေးရှိ ဂျုပ်ချောင်ကြီးနှင့် ဂွေးပင်ရွာကြားတွင် ဖြစ်ပြီး အဆိုပါမီးလိုင်းသည် စလင်းဘက်မှ ဆက်သွယ်ထားခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ဓာတ်အားပေးမီးတိုင်များသည် အရပ်သားကျေးရွာများသို့ မီးပေးပို့နေသည့် တိုင်များမဟုတ်ဘဲ ကပစ (၂၂) သို့သာ သီးသန့်သွယ်တန်းထားသည့် တိုင်များဖြစ်ကြောင်း သိရသည်။
ဆိပ်ဖြူအခြေစိုက် ကပစ (၂၂) သည် တိုက်ခိုက်ရေးတွင် အသုံးပြုသည့် 5.56 ကျည်များနှင့် အခြားဆက်စပ်ပစ္စည်းများအပြင် လေကြောင်းတိုက်ခိုက်ရာတွင် အသုံးပြုသည့် ဝေဟင်ဗုံးများကိုပါ ထုတ်လုပ်နေသည့် စက်ရုံဖြစ်သောကြောင့် စစ်ရေးအရ အရေးပါသည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။
မိုင်းခွဲတိုက်ခိုက်ခံရပြီး တစ်ပတ်နီးပါး ကြာမြင့်နေသော်လည်း စစ်ကော်ရှင်ဘက်မှ ပျက်စီးသွားသည့် ဓာတ်အားလိုင်းများကို ပြန်လည်ပြုပြင်ခြင်းမရှိသေးကြောင်း သိရှိရသည်။