
AB News – ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆
ဒေဝီ
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် စစ်ကော်မရှင်တပ်၏ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခြင်းခံရသည့် တပ်သားများအပါအဝင် စစ်သား ၉ ဦး KNU ထံ လက်နက်ချ အလင်းဝင်လာခဲ့ကြောင်း ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) က ထုတ်ပြန်ခဲ့သည်။
အဆိုပါတပ်သား ၉ ဦးမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် လက်နက်ချ အလင်းဝင်ခဲ့ခြင်းဖြစ်ပြီး KNU၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒို မြို့နယ်အတွင်းက KNU တပ်မဟာ ၃ လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(K.N.D.O) တပ်ရင်း ၃ ထံသို့ လက်နက်ချ အလင်းဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
KNU ထံ အလင်းဝင်သာသည့် စစ်မှုထမ်းတပ်သားများမှာ ကျောက်ကြီးမြို့နယ်ရှိ ခလရ ၄၃၉ တပ်ရင်းမှ စစ်သား ၅ ဦး၊ ခလရ ၅၉၈ မှ စစ်သား ၁ ဦး၊ ခလရ ၆၀ မှ စစ်သား ၁ ဦး၊ ခလရ ၃၅၁ မှ စစ်သား ၁ ဦးနှင့် ခမရ ၅၃ တပ်ရင်းမှ စစ်သား ၁ ဦး စုစုပေါင်း ၉ ဦးဖြစ်ကြောင်း သိရှိရသည်။
လက်နက်ချ အလင်းဝင်လာသည့် တပ်သားများသည် မိမိဆန္ဒမပါဘဲ စကမထံ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရသူများဖြစ်ပြီး ၎င်းတို့ ၉ ဦးကို KNU က ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ မှ ၂၀၂၆ ဖေဖော်ဝါရီလ ပထမပတ်အထိ အလင်းဝင်၍ ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၂၇၇၈ ဦး ထိရှိခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်အတွင်း အလင်းဝင်သူများနှင့် လက်နက်ချ စစ်သုံ့ပန်း စစ်သား၊ ရဲနှင့် ပြည်သူ့စစ် စုစုပေါင်း ၂၁ ဦးရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်၏ ကောက်ယူထားသည့် မှတ်တမ်းများအရ သိရသည်။