Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီ၏ ရက်စက်ယုတ်မာသော ရာဇဝတ်မှုများတွင် သေနတ်ပြောင်းဝများ တင်ပို့ခြင်းဖြင့် အိန္ဒိယ ပါဝင်ပတ်​သက်နေ

စစ်ကောင်စီ၏ ရက်စက်ယုတ်မာသော ရာဇဝတ်မှုများတွင် သေနတ်ပြောင်းဝများ တင်ပို့ခြင်းဖြင့် အိန္ဒိယ ပါဝင်ပတ်​သက်နေ

ABN-ကျော်ဇံ

နိုင်ငံပိုင် လက်နက်ကုမ္ပဏီ Yantra India Limited သည် ၂၀၂၂ အောက်တိုဘာလ ၂၂ ရက်နေ့တွင် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ကာ အကြမ်းဖက်စစ်ကောင်စီထံသို့ 122 mm သေနတ်ပြောင်း အမြောက်အများကို သင်္ဘောဖြင့် တင်ပို့ခဲ့သည်ကို Just for Myanmar က စုံစမ်းသိရှိခဲ့ရသည်။

122 မီလီမီတာ ပြောင်းဝများသည် ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်ရေး စက်ရုံများ (ကပစ) တွင် ထုတ်လုပ်သည့် လက်နက်ကြီးများတွင် အသုံးပြုနိုင်မည် ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်၏ ကာကွယ်ရေးပစ္စည်များ ထုတ်လုပ်ရေး စက်ရုံများသည် အမေရိကန်၊ အီးယူ နှင့် ကနေဒါနိုင်ငံတို့မှ အရေးယူပိတ်ပင်ခြင်း ခံထားရသည့် ဌာနတစ်ခုလည်း ဖြစ်သည်။

ထိုသေနတ်ပြောင်းများကို စစ်ကောင်စီလက်နက်ပွဲစား ကျော်ကျော်ထွန်း ပိုင်ဆိုင်သည့် ကုမ္ပဏီကို ပို့ဆောင်ခြင်းဖြစ်သည်။ လက်နက်ပွဲစား ကျော်ကျော်ထွန်း သည် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ရန်အတွက် စစ်ကောင်စီအသုံးပြုသည့် လောင်စာဆီများကို အိန္ဒိယ ကုမ္ပဏီ Sandeep Metalcraft မှ တင်သွင်းခြင်းကို Justice For Myanmar မှ ယခင်က ဖော်ထုတ်ရေးသားခဲ့သည်။ သို့သော်လည်း ကျော်ကျော်ထွန်း နှင့် သူ့ အဆက်အသွယ်ကွန်ယက်များမှာ အရေးယူပိတ်ပင်ခြင်းများ မခံရသေးချေ။

Yantra India Limited သည် အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာန၏ ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်ရေးဌာန လက်အောက်တွင် လုပ်ဆောင်နေသည့် အစိုးရဌာနတစ်ခုလည်း ဖြစ်သည်။​ နိုင်ငံပိုင် ကုမ္ပဏီ Bharat Electronics Limited ၏ အဝေးထိန်းကိရိယာဖြင့် ထိန်းချုပ်နိုင်သည့် လက်နက်များ ထုတ်လုပ်ရေးဌာန အပါအဝင် စစ်ကောင်စီအာဏာသိမ်းပြီးနောက် အိန္ဒိယကုမ္ပဏီများမှ စစ်လက်နက်များ၊ တွဲဖက်ပစ္စည်းများ တင်ပို့ခြင်းပြီးနောက် Yantra ကုမ္ပဏီမှ 120mm သေနတ်ပြောင်းများကို မြန်မာစစ်တပ်သို့ တင်ပို့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ တရားမဝင် အာဏာသိမ်းစဥ်ကပင် အကြမ်းဖက်စစ်တပ်သည် ဆန္ဒပြသူများကို သတ်ဖြတ်ခြင်း၊ ရွာများကို မီးရှို့ခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းတို့ကို ပြုလုပ်ခဲ့ကာ လူပေါင်း ၃,၀၀၀ ကျော် ကို သတ်ဖြတ်ခဲ့ပြီး လူပေါင်း ၁.၂ သန်းကိုလည်း အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီသည် လက်နက်ကြီး ဟောင်ဝစ်ဇာ လက်နက်ကြီးများကို အသုံးပြုကာ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ ကို ဆက်လက်ကျူးလွန်နေချိန်တွင် ဤကဲ့သို့ သေနတ်ပြောင်းများ တင်ပို့ခြင်းဖြစ်သည်။

ပြည်သူလူထုများရှိသော နေရာများသို့ စစ်ကောင်စီတပ်က ၁၂၀မမ လက်နက်ကြီးများ ပစ်ခတ်နေသည်ကို ရုပ်သံဖြင့် ရိုက်ကူးနိုင်ခဲ့သည်။ ဥပမာအားဖြင့် စစ်ကောင်စီတပ်သည် ၂၀၂၂, ဒီဇင်ဘာ ၆ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ၊ နမ်ဆိုင်း ခါကူး ဒေသ၏ ဆင်ခြေဖုံးဒေသများကို ၁၂၀ မမ ဖြင့် ပစ်ခတ်ခဲ့ပြီး ၂၀၂၂, ဒီဇင်ဘာ ၁၃ ရက်နေ့တွင်လည်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် ၁၂၀ မမ လက်နက်ကြီးများကို ပစ်ခတ်ခဲ့သည်။

Yantra India Ltd ကုမ္ပဏီသည် နိုင်ငံတော်က လုံးဝပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် အိန္ဒိယလက်နက်ထုတ်လုပ်သည့် ကုမ္ပဏီများက စစ်ကောင်စီတပ်ကို လက်နက်များ ဆက်လက်ထောက်ပံ့နေသည် ဆိုသည့်အချက်က အိန္ဒိယနိုင်ငံအနေဖြင့် Wassenaar သဘောတူညီချက်တွင် ပါဝင်သည့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေနှင့် စံချိန်စံနှုန်းများကို ဆိုးရွားစွာ လျစ်လျူရှုထားခြင်းကို ပြသနေသည်။

နိုင်ငံတကာဥပဒေတွင် ပြဌာန်းထားသည့် သတ်မှတ်ချက်များအရ နှင့် မြန်မာနိုင်ငံဥပဒေအရ အကြမ်းဖက်အဖွဲ့အစည်း တစ်ခုဖြစ်နေသည့် အကြမ်းဖက် စစ်ကောင်စီတပ်ကို သင်တန်းများပေးခြင်း၊ တခြားသော စစ်ရေးအကူအညီများ ပေးခြင်းတို့ကို ရပ်ဆိုင်းပြီး စစ်လက်နက်ထောက်ပံ့ပို့ဆောင်ခြင်းကို ပိတ်ပင်မည့် အစီအစဥ်တစ်ရပ်ကို ချက်ချင်းချမှတ်ပေးရန် Justice For Myanmar က အိန္ဒိယအစိုးရကို တောင်းဆိုထားသည်။

“နိုင်ငံတကာဥပဒေကို ဆက်လက်ပြီး ကမ်းကုန်အောင်ချိုးဖောက်ရာမှာ စစ်ကောင်စီအသုံးပြုမယ့် အမြောက်ပြောင်းတွေ တင်ပို့မှုကို ခွင့်ပြုခြင်းဟာ စစ်ကောင်စီရဲ့ အရပ်သားပြည်သူတွေကို ရက်ရက်စက်စက် တိုက်ခိုက်သတ်ဖြတ်နေတာတွေကို အိန္ဒိယအစိုးရက တိုက်ရိုက်ထောက်ပံ့နေတာပဲဖြစ်တယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မ ရတနာမောင် က ဆိုသည်။

“မြန်မာနိုင်ငံ၏ အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီးတစ်ခုဖြစ်တဲ့ အိန္ဒိယအစိုးရကို မြန်မာပြည်သူလူထုနှင့် ရပ်တည်ပြီး စစ်ရာဇဝတ်ကောင်တွေဖြစ်တဲ့ တရားမဝင် အကြမ်းဖက်စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ ကျွန်မတို့က တောင်းဆိုပါတယ်”

“အိန္ဒိယအနေနဲ့ အကြမ်းဖက်စစ်တပ်ကို လက်နက်ထောက်ပံ့တာတွေကို ချက်ချင်းရပ်တန့်ဖို့လိုပြီး နိုင်ငံတကာဥပဒေကို လေးစားလိုက်နာဖို့ လို့အပ်ပါတယ်၊ ပြီးရင် လေးပွင့်ဆိုင် လုံခြုံရေးဆိုင်ရာ ဒိုင်ယာလော့ အဖွဲ့ဝင်တွေဖြစ်တဲ့ သြစတြေးလျ၊ ဂျပန် နဲ့ အမေရိကန်တို့အပါအဝင် အဖွဲ့ဝင်နိုင်ငံတွေကို အိန္ဒိယအစိုးရက အကြမ်းဖက် စစ်တပ်ကို လက်နက်ထောက်ပံ့ရောင်းချတာတွေကို ရပ်တန့်ဖို့ သူတို့ရဲ့ လွမ်းမိုးမှုကို အသုံးပြုသင့်ပါတယ်

စစ်လက်နက်နဲ့ ထောက်လှမ်းရေးပစ္စည်းတွေကို မှောင်ခိုတင်ပို့ပြီး လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှုတွေမှာ သိသိသာသာကူညီပေးနေတာတွေ သက်သေအထောက်အထား ခိုင်ခိုင်မာမာ ရှိပေမယ့် လက်နက်ပွဲစား ကျော်ကျော်ထွန်း နဲ့ သူ့ရဲ့ အပေါင်းအပါတွေကို အရေးယူမှုတွေ မလုပ်ဆောင်သေးတာဟာ အရမ်းကို စိတ်ပျက်စရာပဲဖြစ်ပါတယ်”

“လက်နက်ပွဲစား ကျော်ကျော်ထွန်း နဲ့ သူ့ရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေ၊ ပူးပေါင်းလုပ်ဆောင်သူတွေနဲ့ တခြားသောအကြမ်းဖက်စစ်တပ်ကို ကူညီပေးသူတွေကို အလျင်အမြန် ပိတ်ပင်အရေးယူပေးဖို့ တောင်းဆိုပါတယ်” ဟု မ ရတနာမောင်မှ ဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ