AB News – ဇန်နဝါရီ ၂၈၊ ၂၀၂၆
စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း ဇန်နဝါရီ ၁ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း အမျိုးသမီး ၃၀ ဦးထက်မနည်း သေဆုံးမှုရှိနေကြောင့် ယမန်နေ့ထုတ်ပြန်သည့် နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ ထုတ်ပြန်ချက်အရ သိရသည်။
စကမ လုပ်ရပ်ကြောင့် အမျိုးသမီး ၃၉ ဦး သေဆုံးခဲ့ရပြီး ယင်းထဲတွင် ၃၀ ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရကြောင်း AAPP က ဆိုသည်။
စစ်ကိုင်းတိုင်းတွင် သေဆုံးသူ ၁၁ ဦးဖြင့် အများဆုံး သေဆုံးထားကာ ကချင်ပြည်နှင့် ပဲခူးတိုင်းတို့တွင် သေဆုံးသူ ၈ ဦးပါဝင်နေကြောင်း သိရသည်။
ယင်းအပြင် နောက်ထပ် သေဆုံးသူ ၁၈ ဦးကို အမည်နှင့်တကွ အတည်မပြုနိုင်သေးကြောင်း AAPP က ပြောသည်။
အတည်မပြုနိုင်သေးသည့် သေဆုံးအမျိုးသမီး ၁၈ ဦး ထဲတွင် အသက်မပြည့်သေးသည့် မိန်းကလေး ၄ ဦး ပါဝင်ကြောင်း ဆိုသည်။
ဇန်နဝါရီလ ၂၂ ရက်နေ့၊ ညနေ ၄ နာရီအချိန်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ကောင်းဂျာကျေးရွာရှိ နာရေးအိမ်ကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီး ၈ ဦးအပါအဝင် ဒေသခံပြည်သူ ၂၂ ဦး ထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။
စစ်တပ် အာဏာသိမ်းချိန်မှစ၍ ယခုနှစ် ဇန်နဝါရီလ ၂၇ ရက်အထိ စစ်ကော်မရှင်(စစ်တပ်) လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူ ၇၇၂၉ ဦး သေဆုံးခဲ့ရကြောင်း ဆိုသည်။
ထို့အပြင် အပြစ်မဲ့ပြည်သူ ၃၀၃၃၄ ဦး မတရားဖမ်းဆီခံထားရပြီး ထိုထဲမှ ၂၂၇၅၆ ဦး ထိန်းသိမ်းခံရဆဲဖြစ်ကာ ထိန်းသိမ်းခံရသူများ အနက် ၁၁၄၉၄ ဦးမှာ မတရားထောင်ဒဏ် ချမှတ်ခံထားရကြောင်း သိရသည်။

