Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ငှက်တုပ်ကွေးတစ်မျိုး နိုင်ငံအများစုသို့ ပျံ့နှံ့ပြီး ဥစား၊အသားစား မွေးမြူရေးလုပ်ငန်းများအတွက် အန္တရာယ်ရှိနေ

ABN-ကျန်းမာရေးဘာသာပြန်ဆောင်းပါး

တိရစ္ဆာန် ဆရာဝန်များနှင့် ရောဂါဆိုင်ရာ ကျွမ်းကျင်သူများအဆိုအရ အေဗီယမ် တုပ်ကွေး (Avian Flu) သည် ကမ္ဘာ့နေရာဒေသ အတော်များများကို ပျံ့နှံ့ရောက်ရှိလာပြီးနောက် ဥစား၊ အသားစား သတ္တဝါများထံကူးစက်တတ်သည့် ဗိုင်းရပ်တစ်မျိုးကို သယ်ဆောင်သည့် ငှက်ရိုင်းတစ်ချို့ထံတွင် ပထမဆုံးအကြိမ် အစုလိုက်အပြုံလိုက် ဖြစ်ပွားလာခဲ့သည်ဟု သိရသည်။ ကျွမ်းကျင်သူများက ထိုကဲ့သို့ ဖြစ်ပွားခြင်းသည် တစ်နှစ်ပတ်လုံး ဒုက္ခပေးမည့် ပြဿနာမျိုးဖြစ်ကြောင်း သတိပေးထားသည်။

ရိုက်တာ သတင်းဌာနက ကျွမ်းကျင်သူ ၂၀ ကျော်နှင့် မွေးမြူရေးသမားများကို ကမ္ဘာ့တိုက်ကြီးလေးနေရာနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် သူတို့က ထိုကဲ့သို့ တောရိုင်းတိရစ္ဆာန်များတွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိမှုသည် ဥစား၊အသားစား မွေးမြူရေးခြံများတွင် အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှုများ လျော့ကျသွားလိမ့်မည် မဟုတ်ဆိုသည်ကို ပြသနေခြင်းဖြစ်ပြီး ကမ္ဘာ့အစားအသောက် ထောက်ပံ့ခြင်းများ ကို အကြီးအကျယ် ပြဿနာ ကြီးထွားစေလိမ့်ဟု ဆိုကြသည်။ ပြီးလျှင် ငှက်ရိုင်းမျိုးစိတ်များ ရွေ့ပြောင်းကြသည့် နွေဦးရာသီများအတွင်း ကာကွယ်တားဆီးရေး ကိစ္စများကိုသာ ဦးစားပေးခြင်းထက် ထိုဗိုင်းရပ်စ် ပြဿနာကိုသာ တစ်နှစ်တာလုံးဖြစ်ပွားနိုင်သည့် ပြင်းထန်သော အန္တရာယ်တစ်ခုအဖြစ် ရှုမြင်ရန် လိုအပ်ကြောင်း လယ်သမားများကို သတိပေးခဲ့ကြသည်။

ဥရောပနှင့် အာရှတို့တွင် ဖြစ်ပွားသည့် ရောဂါပိုးများနှင့် မျိုးရိုးအရ ဆင်တူသည့် ဗိုင်းရပ်စ်တစ်မျိုး ၂၀၂၂ အစောပိုင်းတွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိခဲ့စဥ်ကပင် မြောက်အမေရိက၊ တောင်အမေရိက၊ ဥရောပ၊ အာရှ နှင့် အာဖရိက တို့တွင် ထိုကဲ့သို့ အစုလိုက်အပြုံလိုက် ဗိုင်းရပ်ကူးစက်မှုများ ဆက်လက်ကူးစက်ဖြစ်ပွားခြင်းများ ရှိနေသည်။

ပြီးခဲ့သည့် နှစ်က ရောဂါကြောင့် သန်းချီသောကြက်မများသေဆုံးခဲ့ရပြီးနောက် ငွေကြေးဖောင်းပွမှုများကြောင့် ကမ္ဘာ့စီးပွားရေး ချာလပတ်လည်နေသည့် အချိန်မျိုးဖြစ်သဖြင့် ကြက်ဥစျေးများ စံချိန်တင်လောက်အောင်အထိ ထိုးတက်ခဲ့ကာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတစ်ချို့အတွက် စျေးသက်သာသည့် အခြေခံပရိုတိန်းဖြစ်သော ကြက်ဥကိုပင် မစားသုံးနိုင်ကြတော့ပေ။

ကျွမ်းကျင်သူများအဆိုအရ မူလက ဗိုင်းရပ်ပိုးပြန့်ပွားခြင်းအတွက် တရားခံမှာ ငှက်ရိုင်းများဖြစ်ပြီး ဘဲ နှင့်တူသည့် ရေကြက်များသည် မသေဆုံးဘဲ ရောဂါများကို သယ်ဆောင်နိုင်ပြီး မစင်၊ တံတွေး နှင့် တခြားနည်းလမ်းများမှတဆင့် ဥစား၊ အသားစား သတ္တဝါများထံသို့ ရောဂါပိုးများ ဖြန့်ဖြူးပေးကြောင်း တွေ့ရသည်။

ဘဲအုပ်၊ ကြက်အုပ်များကို ရောဂါဖြစ်ခြင်းမှ ကာကွယ်တားဆီးရန် မွေးမြူရေးသမားများ၏ ကြိုးပမ်းမှုများမှာလည် မှန်းထား၊ ထင်ထားသလို ဖြစ်မလာခြင်းများ ရှိနေသည်။

အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံ၏ ဒုတိယအကြီးဆုံး ကြက်ဥထုတ်လုပ်သည့် လုပ်ငန်း တစ်ခုဖြစ်သည့်Rose Acre Farms သည် အိုင်အိုဝါပြည်နယ်၊ Guthrie ကောင်တီတွင်ရှိသော မွေးမြူရေးခြံ၌ ကြက်မပေါင်း ၁.၅ သန်းခန့်ကို ပြီးခဲ့သည့် နှစ်အတွင်း ဆုံးရှုံးသွားခဲ့ရသည်။ ထိုလုပ်ငန်းအကြီးအကဲဖြစ်သူ Macus Rust က ဗိုင်းရပ်ကပ်ပါလာခြင်းတို့ကို ဖယ်ရှားရန် မွေးမြူရေးခြံသို့ ဝင်ရောက်သူတိုင်း မဖြစ်မနေ ပိုးသန့်စင်ကြရသည်ဟု ဆိုသည်။

Rust က ထပ်မံ၍ ကိုလိုရာဒိုပြည်နယ်၊ Weld ကောင်တီတွင်ရှိသော ကုမ္ပဏီ၏ မွေးမြူရေးခြံတစ်ခုတွင် ခြောက်လအတွင်း ကူးစက်မှု နှစ်ဆမြင့်တက်ခဲ့ပြီး ကြက် ၃ သန်းကျော် သေဆုံးသွားခဲ့ရသည် ဟု ဆိုသည်။ ဘဲငန်းရိုင်းများ အညစ်အကြေးစွန့်ပစ်ရာ နေရာများမှ လေတိုက်ခတ်မှုကြောင့် ဗိုင်းရပ်စ်များ လွင့်ပါလာပြီး မွေးမြူရေးခြံများသို့ ဝင်ရောက်လာခြင်းဖြစ်နိုင်ကြောင်း အထင်ရှိသည်ဟု Rust က ပြောပြသည်။

“ကျွန်တော်တို့ ဒုက္ခအကြီးအကျယ်တွေ့ပြီဗျာ၊ ကျွန်တော်တို့ အရမ်းစိုးရိမ်နေရတဲ့ အနေအထားမှာ ရှိနေတယ်” ဟု Rust က ဆိုသည်။

ပြီးခဲ့သည်နှစ်အတွင်း ဥစား၊ အသားစားလုပ်ငန်းများနှင့် ပတ်သတ်၍ စံချိန်တင် ဆုံးရှုံးမှုကို ကြုံတွေ့ခဲ့ရသည့် နိုင်ငံများမှာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် နှင့် ဂျပန်နိုင်ငံတို့ဖြစ်ပြီး ထိုဆုံးရှုံးမှုများက မွေးမြူရေး လုပ်သူများကို မျှော်လင့်ချက်မဲ့စေသည်။

“အေဗီယမ် ဗိုင်းရပ်စ်ဟာ ခေတ်မီကိရိယာတွေတပ်ဆင်ထားတဲ့ မွေးမြူရေးခြံမှာတောင် တွေ့နေရပြီ၊ တံခါးပိတ်ထားရုံနဲ့မရတော့ဘူး၊ ဒါကြောင့် အကြီးအကျယ် မဖြစ်လာစေဖို့ ကျွန်တော်တို့အားလုံး လုပ်နိုင်တာကတော့ ဘုရားသခင်ထံ ဆုတောင်းရုံကလွဲလို့ မတတ်နိုင်တော့ဘူး” ဟု တိုကျိုမြို့အနီးရှိ Ibaraki နယ်တွင် အသားစားကြက်များ မွေးမြူနေသည့် Shigeo Inaba မှ ဆိုသည်။

နွေဦးရာသီ ငှက်များရွေ့ပြောင်းရွေ့သွားလာသည့် ကာလအတွင်း ငှက်ရိုင်းများကျက်စား တတ်သည့်အတွက်ကြောင့် ကမ္ဘာ့မြောက်ဖက်အခြမ်းတွင်ရှိသည့် မွေးမြူရေးလုပ်ငန်းများ မှာ အန္တရာယ်အရှိဆုံးဖြစ်သည်ဟု အစောပိုင်းတွင် ယူဆခဲ့ကြသည်။ ရေကြက် များနှင့် တခြားသော ငှက်မျိုးစိတ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ဗိုင်းရပ်စ်ပိုးကူးစက်မှု အလွန်တရာမြင့်တက်လာခြင်းသည် တစ်နှစ်ပတ်လုံး မွေးမြူရေးလုပ်ငန်းများ မည်မျှအထိ အကြီးအကျယ် အန္တရာယ်ကို ရင်ဆိုင်နေရသည်ကို ပြသနေခြင်းဖြစ်သည် ဟု ကျွမ်းကျင်သူများမှ ဆိုသည်။

“ဒီလိုဖြစ်ပွားခြင်းဟာ စစ်ပွဲအသစ်တစ်မျိုးပါပဲ၊ တကယ့်ကို ၁၂ လတာလုံး ဆုတောင်းရတဲ့ အိပ်ရေးပျက်ညတွေပါပဲ” ဟု အမေရိကန်နိုင်ငံ အင်ဒီးယားနားမှ ပြည်နယ်တိရစ္ဆာန် ဆရာဝန် Bret Marsh မှ ဆိုသည်။

သည်အန္တရာယ်ဆိုး ဆက်လက်၍ ဖြစ်ပွားတည်ရှိနိုင်သည့် အရိပ်အယောင်များ ပြသနေခြင်းကြောင့် Mersh အနေဖြင့် ထပ်မံ၍ ဥစား၊အသားစား မွေးမြူရေးဆိုင်ရာ တိရစ္ဆာန်ဆရာဝန်တစ်ဦးနှင့် ကျန်းမားရေး ကျွမ်းကျင်ဝန်ထမ်းများ ငှားရမ်းနိုင်ရန် အင်ဒီယားနားပြည်နယ် ဥပဒေပြုလွှတ်တော်များထံမှ ရံပုံငွေများ ရှာဖွေနေသည်ဟု ဆိုသည်။ အမေရိကန်အစိုးရ ထုတ်ပြန်သည့် စာရင်းအချက်အလက်များ အရ အမေရိကန်နိုင်ငံတွင် ငှက်မျိုးစိတ်များသေဆုံးမှုပေါင်း ၅၈ သန်းအထိရှိခဲ့ပြီး အင်ဒီးယားနားပြည်နယ်တွင် ကြက်ဆင် နှင့် တခြား ငှက်မျိုးစိတ်ပေါင်း သေဆုံးမှု ၂၀၀,၀၀၀ ကျော်အထိ သေဆုံးခဲ့သည်။ ထိုသို့ သေဆုံးခြင်းသည် ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အရေအတွက်ကို ကျော်လွန်သွားပြီဖြစ်သည်။

အေဗီယန် ဗိုင်းရပ်စ်သည် ဥစား ၊ အသားစား များအတွက် သေကြေပျက်စီးလောက်သည့် အန္တရာယ်ရှိပြီး တစ်ကောင်ကူးစက်ကာ ပိုးရှိရုံမျှနှင့် တအုပ်လုံး သေဆုံးစေနိုင်သည်။

သို့ရာတွင် ကာကွယ်ဆေးများလောက်နှင့်လည်း မလုံလောက်ပေ။ ကာကွယ်ဆေးများမှာ ဖြစ်ပွားသည့် အရေအတွက်ကို လျော့ချနိုင်သော်လည်း ဗိုင်းရပ်စ်ပိုးများ၏ အန္တရာယ်ကို ဖယ်ရှားရန်အတွက် မဖြစ်နိုင်ဘဲ ငှက်အုပ်၊ ဘဲအုပ်များကြား ရောဂါဖြစ်ပွားမှုကို တားဆီးရာတွင် ပိုမိုခက်ခဲသွားစေသည်ဟု ဆိုသည်။ သို့တိုင်အောင် မက္ကဆီကို နှင့် အီးယူတို့သည် ကာကွယ်ဆေးထိုးပေးရန် ထည့်သွင်းစဥ်းစားခြင်းများ (သို့မဟုတ်) ကာကွယ်ဆေးထိုးပေးခြင်းများကို လုပ်ဆောင်လျှက်ရှိနေသည်။

တိရစ္ဆာန်များတွင်ဖြစ်ပွားသည့် ရောဂါများနှင့် ပတ်သတ်သည့် ပြည်တွင်းအစိုးရအဖွဲ့ နှင့် နိုင်ငံတကာ အာဏာပိုင်အဖွဲ့ဖြစ်သော Paris-based World Organization for Animal Health ၏ သိပ္ပံဌာန၏ အကြီးအကဲ Gregorio Torres က ငှက်ရိုင်းများသည် ရောဂါကို ယခင်ကထက်ပို၍ ဖြန့်ဖြူးပေးသူများဖြစ်လာကြပြီး စံချိန်တင်လောက်သည့် ဗိုင်းရပ်ပမာဏကို သယ်ဆောင်လျှက်ရှိသည် ဟု ဆိုထားသည်။ ထိုဗိုင်းရပ်စ်သည် ယခင်အစုလိုက်အပြုံလိုက်ဖြစ်ပွားသည့် ပုံစံများမှ ပို၍ကူးစက်လွယ်သည့် ပုံစံမျိုးအဖြစ်သို့ ပြောင်းလဲသွားကြောင်း ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့သည်။

“ဒီရောဂါက ဒီမှာတော့ အနည်းဆုံး ရေတိုကာလတစ်ခုထိ ရှိနေပါမယ်” ဟု Torres က ဆိုသည်။

တခြားကျွမ်းကျင်သူများမှ အမေရိကကဲ့သို့ နေရာများရှိ တချို့သော ငှက်များတွင် ထိုဗိုင်းရပ်စ်ပိုးအနေဖြင့် အစုလိုက်အပြုံလိုက်ဖြစ်ပွားသည်ကို တွေ့ရသည်ဟု ဆိုကြသော်ငြားလည်း Tores အနေဖြင့် ဤဗိုင်းရပ်မှာ ကမ္ဘာတဝှမ်းရှိ ငှက်ရိုင်းမျိုးများတွင် အစုလိုက်အပြုံလိုက်ဖြစ်ပွားတတ်ခြင်း ရှိမရှိကို အတည်မပြုနိုင်သေးပေ။

အေဗီယန် ဗိုင်းရပ်စ်မှာ လူများကို ကူးစက်တတ်ပြီး အထူးသဖြင့် ရောဂါဖြစ်နေသော ငှက်မျိုးစိတ်များနှင့် ထိတွေ့ဖူးသူများ ဖြစ်ကြသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကမူ လူကိုထိခိုက်စေမည့် အန္တရာယ် နည်းပါးသည်ဟု ဆိုထားသည်။

ဗိုင်းရပ်စ် ပြန့်ပွားမှုပုံစံသည် ယခင်ဖြစ်ပွားသည့် ပုံစံများထက် ငှက်ရိုင်းမျိုးစိတ်အများအပြား ကို ကူးစက်လျှက်ရှိနေပြီး ထိုငှက်မျိုးစိတ်များတွင် အရင်က ခရီးရည် ပြောင်းရွေ့နေထိုင်မှုများ မလုပ်သည့် ငှက်များလည်း အပါအဝင်ဖြစ်ကြောင်း ဂျော်ဂျီယာပြည်နယ်၊ အမေရိကန်အစိုးရ၏ Southeast Poultry Research Laboratory ဓာတ်ခွဲခန်း ဒါရိုက်တာ David Suarez မှ ဆိုထားသည်။

ဒေသတွင်း အမြဲတမ်းနေထိုင်သည့် ငှက်များတွင် ထိုကဲ့သို့ ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားခြင်းက ဗိုင်းရပ်စ်ပိုးကို တစ်နှစ်တာလုံး ရှိနေစေရန် ကူညီပေးသလို ဖြစ်နေပြီး ယခင်ကထိုကဲ့သို့ ဖြစ်ပွားခြင်း မရှိဟု သူက ပြောပြသည်။

အမေရိကန်တောင်ပိုင်းပြည်နယ်များတွင် ကျက်စားသည့် လင်းတနက်ကြီးများသည် ယခင်က ရောဂါကူးစက်မှုကို ရှောင်ရှားနိုင်ခဲ့သော်လည်း ယခုအချိန်တွင် ဗိုင်းရပ်စ်ကူးစက်မှုကို ခံစားနေရသည့် မျိုးစိတ်များထဲမှ တစ်ခုဖြစ်သည် ဟု ဂျော်ဂျီယာတက္ကသိုလ် Southeastern Cooperative Wildlife Disease Study ၏ ဒါရိုက်တာ David Stallknecht မှ ဆိုသည်။

အေဗီယန် ဗိုင်းရပ်စ်သည် မြေခွေးများ၊ ဝက်ဝံများ နှင့် ပင်လယ်ဖျံများကဲသို့ နို့တိုက်သတ္တဝါများကိုလည်း ကူးစက်ထားသည်။

“ကျွန်တော်တို့အားလုံး အံ့သြစရာတွေကို ယုံကြဖို့လိုပါတယ်၊ ဒါပေမယ့် ဗိုင်းရပ်စ်ပျောက်သွားမယ့် အခြေအနေမျိုးကို ကျွန်တော်မတွေ့နိုင်သေးပါဘူး” ဟု Stallknecht က ဆိုသည်။

ဗိုင်းရပ်ကူးစက်မှုကို မြင့်မားစေသော ခရီးရှည်သွားတတ်သည့် ဘဲများ၊ ရေကြက်ကဲ့သို့ ဘဲမျိုးစိတ်များက ဗိုင်းရပ်စ်ပိုးကို တောင်အမေရိကတိုက် နေရာဒေသအတော်များများသို့ ကူးစက်ပြန့်ပွားမှုကို ဖြစ်စေခဲ့သည် ဟု Stallknecht မှ ဆိုသည်။

ပီရုး၊ အီကွေဒေါ နှင့် ဘိုလီဗီးယား အပါအဝင်နိုင်ငံများသည် မကြာသေးမီ လများအတွင်း ပထမဆုံး ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားခြင်းများကို အစီရင်ခံကြသည်။

အီကွေဒေါနိုင်ငံသည် ပထမဆုံးရောဂါကူးစက်ခြင်းကို သိရှိပြီး နှစ်ရက်အကြာ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သုံးလကြာ တိရစ္ဆာန် ကျန်းမာရေး အရေးပေါ်အခြေအနေကို သတ်မှတ်လိုက်သည် ဟု နိုင်ငံ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ဝန်ကြီးဌာန မှ ပြောကြားခဲ့သည်။ ယခုအချိန်ထိ ငှက်မျိုးစိတ်ပေါင်း ၁.၁ သန်းကျော်အထိ သေဆုံးသွားပြီဟု ဝန်ကြီးဌာနမှ ဆိုသည်။

ဥရူဂွေး နှင့် ဘိုလီဗီးယား နိုင်ငံတို့ရှိ ကူးစက်မှုများကြောင့် ကမ္ဘာထိပ်တန်း ကြက်တင်ပို့သူ ဘရာဇီးနိုင်ငံကို ရောဂါနှင့် နီးစပ်သွားစေခဲ့သည်။ သို့ရာတွင် ဘရာဇီးနိုင်ငံသည် ကူးစက်မှု တခုတလေကိုမျှ အတည်ပြုခဲ့ခြင်း မရှိပေ။ ဘရာဇီး စိုက်ပျိုးရေးဝန်ကြီး Carlos Favaro က ဗုဒ္ဓဟူးနေ့တွင် ဘရာဇီးနိုင်ငံအစိုးရအနေဖြင့် ကူးစက်မှုဖြစ်စဥ် သုံးခုကို စုံစမ်းစစ်ဆေးခဲ့ပြီး ရလာဒ်များမှာ ပိုးမရှိကြောင်းကို တွေ့ရသည် ဟု ဆိုသည်။

“လူတိုင်းက ကျွန်တော်တို့နိုင်ငံက တုပ်ကွေး မရောက်လာဖို့အတွက် ကာကွယ်ဖို့ကိုပဲ အာရုံစိုက်နေကြတယ်” ဟု ဘရာဇီးနိုင်ငံ Santa Catarina ပြည်နယ်ရှိ Chapeco’ တွင် ကြက်မွေးမြူသည့် Gian Carlos Zacchi မှ ဆိုသည်။

တချို့သော ကျွမ်းကျင်ပညာရှင်များကမူ ရာသီဥတုအပြောင်းအလဲဖြစ်ခြင်းသည်ပင်လျှင် ငှက်ရိုင်းများ နေထိုင်ကျက်စားရာနေရာများနှင့် ကူးခတ်သွားလာသည့် လမ်းကြောင်းများမှ တလှည့်စီကူးစက်ပြီး တကမ္ဘာလုံးကို ပျံ့နှံ့ခြင်းဖြစ်နိုင်သည် ဟု သံသယရှိနေကြသည်။

ငှက်ရိုင်းများ သွားလာလှုပ်ရှားကျက်စားမှုပုံစံမှာ ပြောင်းလဲသွားခဲ့ပြီး ထိုအပြောင်းအပြောင်းအလဲက သူတို့ကိုယ်တွင်ရှိနေသော ဗိုင်းရပ်စ်များ ပြောင်းလဲရန် ခွင့်ပြုထားကြောင်း အေဗီယန် တုပ်ကွေး ကျွမ်းကျင်သူ မင်နီဆိုးတား တက္ကသိုလ်မှ ပါမောက္ခ Carol Cardona မှ ဆိုသည်။

မွေးမြူရေးသမားများသည် ဥစား၊ အသားစား မွေးမြူရေးလုပ်ငန်းများကို ကာကွယ်ရန် ပုံမှန်မဟုတ်သော နည်းနာများကို အသုံးပြုနေကြပြီး တစ်ချို့မှာ ငှက်ရိုင်းများကို ခြောက်လှန့်ရန် ဆူညံသောအသံများကို ထွက်စေသော စက်ပစ္စည်းများကို အသုံးပြုနေကြသည်ဟု ကျွမ်းကျင်သူများမှ ဆိုသည်။

Rhode ကျွန်းတွင် ကြက်ဥထုတ်လုပ်သူ Little Rhody Foods ၏ အကြီးအကဲတစ်ဦးဖြစ်သူ Eli Berkowitz က ဗိုင်းရပ်စ်ပိုး မပါလာစေရန်အတွက် သူ့မွေးမြူရေးခြံသွားရာလမ်းရှိ ဘဲငန်းများစွန့်ထားသည့် ဘဲချေးများကို ပိုးသတ်ဆေးများဖျန်းထားသည်။ ပြီးလျှင် အပြင်လူများဝင်ရောက်ခြင်းကို တတ်နိုင်သမျှကန့်သတ်ထားပြီး ပို၍ ရိုးရာဆန်သည့် ကာကွယ်ရေးနည်းလမ်းတစ်ခုလည်း ဖြစ်သည်။

Berkiwitz က ငှက်များ ပြောင်းရွေ့သွားလာရေး ရာသီက မွေးမြူရေးလုပ်ငန်းများအတွက် ပိုမိုကြီးမားသည့် အန္တရာယ်မျိုးကို ယူဆောင်လာနိုင်သည့်အတွက်ကြောင့် မတ်လ နှင့် ဧပြီလတို့တွင် ထိန်းထားရမည် ဟု ဆိုသည်။

“ခင်ဗျား အဲဒီဗိုင်းရပ်စ်ကို အသေအချာထိန်းထားဖို့တော့ လိုမယ်၊ ပြီးရင် ခင်ဗျား ဘဝအတွက်လည်း အောင့်ထားဖို့တော့ လိုမယ်ဗျာ” ဟု သူက ဆိုသည်။

Reuters သတင်းပါ Bird flu spreads to new countries, threatens non-stop ‘war’ on poultry – ဆောင်းပါးကို ကျော်ဇံ ဘာသာပြန်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ