သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ငဖဲမြို့နယ်၊ ပဇီရွာအနီးရှိ (၇) မိုင်ကုန်းစခန်းမှ စစ်ကော်မရှင် တပ်သား ၃ ဦး CDF-Asho ထံ အလင်းဝင်

AB News – ဖေဖော်ဝါရီ ၁၉၊ ၂၀၂၆

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပဇီကျေးရွာအနီးရှိ (၇) မိုင်ကုန်း စခန်းမှ စစ်ကော်မရှင်တပ်သား ၃ ဦးသည် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အလင်းဝင်လာသော စစ်ကော်မရှင် တပ်သား ၃ ဦးမှာ ကိုသန့်ဇင်ဝင်း၊ ကိုဟိန်းထက်အောင် နှင့် ကိုသဲဇော်အောင် တို့ဖြစ်ကြသည်။

၎င်းတို့သည် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်အခြေစိုက် စကခ (၁၇) လက်အောက်ခံ ခမရ (၅၂၀) တပ်ရင်းမှဖြစ်ပြီး စစ်မှုထမ်းအဖြစ် အတင်းအဓမ္မစုဆောင်းခံရပြီးနောက် ရှေ့တန်းသို့ ပို့ဆောင်ခံခဲ့ရသူများဖြစ်ကြောင်း သိရသည်။

တပ်သား သန့်ဇင်ဝင်း၏ ပြောကြားချက်အရ စစ်တပ်အတွင်း ညှဉ်းပမ်းနှိပ်စက်မှုများ၊ လစာဖြတ်တောက်ခံရခြင်း၊ အစားအသောက်လုံလောက်မှု မရှိခြင်းများကြောင့် တော်လှန်ရေးတပ်ထံသို့ ဘက်ပြောင်းအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

ထို့အပြင် စစ်ကောင်မရှင် အထက်အရာရှိများက လက်အောက်ခံတပ်သားများအား တိုက်ပွဲများအတွင်း ရှေ့တန်းသို့ ပို့ပေးနေခြင်းသာဖြစ်ပြီး စစ်ကောင်မရှင်တပ်ထံမှ အတင်းအဓမ္မ စစ်မှုထမ်းခံရသည့် တပ်သားများအနေဖြင့် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံသို့ အလင်းဝင်ရောက်ရန်လည်း တပ်သားသန့်ဇင်ဝင်းက တိုက်တွန်းထားသည်။

မကွေးတိုင်းဒေသအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ကောင်မရှင်ဘက်မှ အလင်းဝင်သူများနှင့် ထွက်ပြေးသူများ ဆက်တိုက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ