Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂျာမနီနိုင်ငံရဲ့ “ရစ်ဆ်ဘာဂါ” လှုပ်ရှားမှုဆိုတာ ဘာလဲ (ဘာသာပြန် နိုင်ငံခြားသတင်းဆောင်းပါး)

“ရစ်ဆ်ဘာဂါ” လှုပ်ရှားမှုမှာပါဝင်ကြတဲ့သူတွေဟာ အစွန်းရောက်ကာ ကြမ်းကြုတ်ရက်စက်ကြပြီး ဂျာမနီနိုင်ငံရဲ့ ဒီမိုကရေနိုင်ငံအဖြစ်တည်ရှိမှုကို အသိအမှတ်မပြုကြသူတွေပါ။ သိပ်မကြာသေးခင်နှစ်တွေက ရစ်ဆ်ဘာဂါ လှုပ်ရှားမှုဟာ အာဏာပိုင်တွေ အာရုံစိုက်ရတဲ့ ကိစ္စဖြစ်လာခဲ့ပါတယ်။ ဆိုတော့ သူတို့တွေက ဘယ်လိုလူတွေများပါလဲ၊ ဘယ်လိုအန္တရာယ်တွေကို ဖြစ်အောင်လုပ်နေတာလဲ။

ရစ်ဆ်ဘာဂါလှုပ်ရှားမှုမှာ ပါဝင်တဲ့ လူတွေဟာ ဒုတိယကမ္ဘာစစ်အလွန် ဂျာမဏီနိုင်ငံရဲ့ ဖက်ဒရယ် သမ္မတနိုင်ငံ စနစ်ကို ဆန့်ကျင်ကြပါတယ်။ ဂျာမဏီနိုင်ငံအုပ်ချုပ်ရေးဆိုင်ရာ ဖွဲ့စည်းမှုတွေက အနောက်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ယူကေ နဲ့ ပြင်သစ်တို့ လွမ်းမိုးထားတဲ့ အရာထက် မပိုဘူးလို့ သူတို့တွေက ယုံကြည်ကြသူတွေပါ။ သူတို့တွေရဲ့စိတ်ထဲမှာ ဂျာမန်အင်ပါယာရဲ့ ၁၉၇၃ နယ်နမိတ်ပိုင်ဆိုင်မှုက အခုထိတည်ရှိတုန်းပါပဲ။

သူတို့ကိုယ်သူတို့ ရစ်ဆ်ဘာဂါ လို့ပြောထားကြပြီး “ရစ်ဆ်နိုင်ငံသူ၊ နိုင်ငံသားများ”လို့ အဓိပ္ပာယ်ရပါတယ်။ ရစ်ဆ်ဘာဂါ ကို ၁၈၇၁ ခုနှစ်မှာ တည်ထောင်ခဲ့ကာ အကြမ်းဖက်မှုတွေကို လိုလားသူတွေလို့ ဆိုကြပါတယ်။ ရစ်ဆ်ဘာဂါ လှုပ်ရှားမှုကို အဖွဲ့ငယ်တွေ၊ ပုဂ္ဂလိက တစ်ဦးချင်းစီပါဝင်တဲ့ လူတွေနဲ့ ဖွဲ့စည်းထားပြီး အထူးသဖြင့် ဗာဘာရီးယား၊ မက်ကလန်ဘာဂ့် အနောက်ပိုင်း ပိုမီနာရီးယား၊ ဘရန်ဒန်ဘာဂ့် ပြည်နယ်တွေမှာ အခြေစိုက်ပါတယ်။ သူတို့တွေဟာ ဂျာမဏီအစိုးရ အာဏာပိုင်တွေရဲ့ ဖက်ဒရယ်သမ္မတနိုင်ငံ တရားဝင်တည်ရှိမှုကို လက်မခံကြပါဘူး။ သူတို့ကို သူတို့ “ဒုတိယမြောက် ဂျာမန်အင်ပါယာ”၊ “လွပ်လပ်တဲ့ ပရပ်ရှားနိုင်ငံတော်”၊ “ဂျာမန်အမျိုးသားအုပ်ချုပ်ခံနိုင်ငံ”တို့လို နာမည်တပ်ကြပြီး သူတို့ကိုယ်ပိုင် အမျိုးသားနိုင်ငံနယ်နမိတ်ငယ်တွေ အဖြစ်ကြေငြာကာ အစိုးရထံ အခွန်ပေးဖို့လည်း ငြင်းဆန်ကြပါတယ်။

ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ သူတွေဟာ သူတို့ကိုယ်ပိုင် နိုင်ငံကူးလက်‌မှတ်တွေ၊ ယာဥ်မောင်းလိုင်စင်တွေကို ရိုက်နှိပ်ထားကြပါတယ်။ ဒါ့အပြင် လူသိရှင်ကြားကြော်ငြာဖို့ရည်ရွယ်ချက်နဲ့ တီရှပ်တွေ၊ အလံတွေကိုတောင်မှ ထုတ်လုပ်ကြပါတယ်။ ရစ်ဆ်ဘာဂါတွေဟာ ဒီလိုလုပ်ရပ်တွေဟာ တရားမဝင်ဘူး၊ ဂျာမဏီအာဏာပိုင်တွေ အသိအမှတ်မပြုဘူး ဆိုတဲ့အချက်ကို ဂရုမစိုက်ကြပါဘူး။ သူတို့တွေရဲ့ ဝက်ဆိုဒ်တွေမှာ ဂျာမဏီ ဖက်ဒရယ်သမ္မတနိုင်ငံတော် ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ့် ရည်ရွယ်ချက်တွေကိုလည်း ဂုဏ်ယူစွာနဲ့ ကြေငြာဖော်ပြထားတာပါ။

ဒီလူတွေဟာ ငပေါတွေများလား

ဂျာမဏီနိုင်ငံမှာ ရစ်ဆ်ဘာဂါ အဖွဲ့ဝင်ပေါင်း ၂၁,၀၀၀ အထိရှိနိုင်တယ်လို့ ဖွဲ့စည်းပုံကာကွယ်ရေးရုံး (BfV), ဂျာမဏီရဲ့ ပြည်တွင်းထောက်လှမ်းရေးအေဂျင်စီက ခန့်မှန်းတွက်ဆထားပါတယ်။ အဲဒီအထဲက ၅ရာခိုင်နှုန်းဟာ လက်ယာအစွန်းရောက်တွေ လို့ သတ်မှတ်ထားပြီး အများစုမှာ အမျိုးသားတွေပါ။ ယေဘုယျအားဖြင့် သူတို့တွေဟာ အသက် ၅၀ကျော်တွေဖြစ်ပြီး လက်ယာစွန်းရောက်လူထုအကျိုးမျှော်ဝါဒီများ၊ ဂျူးဆန့်ကျင်ရေးဝါဒီများ၊ နာဇီအတွေးအခေါ်ရှိသူများလို့ မှတ်ယူလို့ရပါတယ်။ သူတို့တွေဟာ နိုင်ငံအနှံ့ဖြန့်ကျက်တည်ရှိနေပါတယ်။ ဆက်ဆိုနီ-အန်ဟောလ်တ် မှာရှိတဲ့ ခရိုင်တရားရုံးရဲ့ တရားသူကြီးတစ်ဦးကတော့ ရစ်ဆ်ဘာဂါတွေဟာ “လျှို့ဝှက်ပူးပေါင်း၊ နောက်ကွယ်ကကြိုးကိုင်စီမံကြသူတွေ၊ အစိုးရကိုမကျေနပ်ကြသူတွေ” ဆိုပြီး ပုံဖော်ခဲ့ပါတယ်။

ကိုဗစ် နိုင်တိန်းကပ်ရောဂါဖြစ်ပွားချိန်အတွင်း သူတို့အသိအမှတ်မပြုတဲ့ အစိုးရက ချမှတ်တဲ့ ဘယ်လို တားမြစ်မှုမဆို ဆန့်ကျင်ကြပြီး “Querdenker Movement” – ကွီးယားဒန်ကာ လှုပ်ရှားမှုကနည်းနာတို့ကို ရရှိလာပြီးနောက် ရစ်ဆ်ဘာဂါတို့ အစွန်းရောက်လုပ်ဆောင်မှုများကို ဆောင်ရွက်လာကြပါတယ်။ အဲဒီစနစ်ကို ငြင်းဆန်သူတွေရှိပေမယ့် ဂျာမန်အာဏာပိုင်တွေထုတ်ပြန်တဲ့ အစိုးရထံပေးရမယ့် ငွေပေးချေမှုတွေ၊ တရားရုံးမှချမှတ်တဲ့ အမိန့်တွေကို ဆန့်ကျင်တဲ့ ကန့်ကွက်မှုတွေနဲ့ တိုင်ချက်ဖွင့်ကာ ဂျာမန်တရားရုံးတွေကို ကန့်ကွက်ချက်တွေ၊ လှုပ်ရှားမှုတွေနဲ့ လွမ်းမိုးထားကြပါတယ်။ ပါရှိတဲ့အကြောင်းအရာတွေထက် ဂျာမန်အစိုးရတရားရုံးတွေဟာ သူတို့လက်ခံရရှိတဲ့ တိုင်ကြားစာတိုင်းကို သေသေချာချာ စစ်ဆေးဆောင်ရွက်ကြရပါတယ်။ လူနေရပ်ကွက်တော်တော်များများရဲ့ မြို့တော်ဝန်တွေဟာ ဒီလိုအဓိပ္ပာယ်မရှိတဲ့လုပ်ရပ်တွေကို ရင်ဆိုင်ရတဲ့အပြင် ရစ်ဆ်ဘာဂါဆိုသူတွေရဲ့ နှုတ်ရော ကိုယ်ပါ တိုက်ခိုက်မှုကို ခံကြရတယ်ဆိုကာ ဆန့်ကျင်ဆန္ဒပြကြတာတွေ ရှိနေပြီး ရစ်ဆ်ဘာဂါ အဖွဲ့ဝင်တစ်ချို့ဟာ အဲဒီလိုတိုက်ခိုက်မှုမျိုးတွေကို မကြာမကြာ ဗီဒီယိုရိုက်ထားကြပြီး အွန်လိုင်းပေါ်တင်လေ့ရှိပါတယ်။

ပြင်းထန်တဲ့ အကြမ်းဖက်လုပ်ရပ်များ

ရစ်ဆ်ဘာဂါတွေလုပ်လေ့ရှိတဲ့ သေနတ်တွေ၊ တခြားလက်နက်‌၊ ခဲယမ်း စုဆောင်းမှုတွေဟာ အာဏာပိုင်တွေကို စိုးရိမ်စေခဲ့ပါတယ်။ ထောက်လှမ်းရေးအေဂျင်စီ BfV ရဲ့ ရစ်ဆ်ဘာဂါနဲ့ဆိုင်တဲ့ နောက်ဆုံးအစီရင်ခံစာမှာ သူတို့ဟာ ပြင်းထန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ဖို့ လိုလားနေကြပြီး အဆင်သင့်ဖြစ်နေကြပြီလို့ ဖော်ပြထားပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ အိမ်တွေကိုရှာဖွေတဲ့အခါ ဝှက်ထားတဲ့ လက်နက်ခဲယမ်းတွေ အမြောက်အမြားတွေ့ရှိခဲ့ရပြီး ရစ်ဆ်ဘာဂါတွေ ဆက်လက်ပြီး လက်နက်တပ်ဆင်ဖို့ လုပ်နေကြတယ်လို့ ပြောပါတယ်။ ရစ်ဆ်ဘာဂါအုပ်စုထဲမှာ ဘင်ဒတ်ဆ်ဝါ နန့် အမျိုးသားပြည့်သူတပ်မတော် the NVA က စစ်မှုထမ်းဟောင်းတွေပါရှိနေပြီး အဲဒီထဲက တစ်ချို့ဟာ စစ်ဖက်ဆိုင်ရာ အထူးသင်တန်းတွေ တက်ရောက်ထားတဲ့ လူတွေ ပါဝင်နေကြတဲ့အတွက် အန္တရာယ်ရှိတယ်လို့ ထင်မြင်ယူဆကြတာပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက ဂျာမန်အာဏာပိုင်တွေဟာ ရာနဲ့ချီတဲ့ ရစ်ဆ်ဘာဂါနောက်လိုက်တွေရဲ့ လက်နက်ကိုင်ဆောင်ခွင့်ကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

မကြာသေးခင်နှစ်များအတွင်း ရစ်ဆ်ဘာဂါအဖွဲ့ဝင်တွေဟာ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ကာကွယ်ခွင့်ရှိတယ်ဆိုတဲ့ အယူအဆတွေနဲ့ စီးနင်းတိုက်ခိုက်မှုတွေအတွင်း ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ ရိုင်းဝက်စ်ဖာလီးယား မြောက်ပိုင်း ဟိုစ်တာ (Hoxter) မှာရှိတဲ့ “လွပ်လပ်တဲ့ ပရပ်ရှား ပြည် – Free State of Prussia) က အုပ်စုတစ်စုဟာ ၂၀၁၄ ခုနှစ်မှာ နိုင်ငံအပြင်ဖက်က လက်နက်တွေ မှောင်ခိုသွင်းပြီး ကိုယ်ပိုင်စစ်တပ်ထူထောင်ဖို့ ကြိုးပမ်းဖူးပါတယ်။ ၂၀၁၆ ခုနှစ်မှာ တရားမဝင်လက်နက်ကိုင်ဆောင်ထားတဲ့ အမျိုးသားတစ်ဦးပိုင်ဆိုင်တဲ့ လက်နက် (၃၀) ကျော်ကို ဖမ်းဆီးဖို့ ရဲတပ်ဖွဲ့က စီးနင်းတိုက်ခိုက်မှုမှာ ရစ်ဆ်ဘာဂါအဖွဲ့သားတစ်ယောက်ဟာ ရဲတစ်ဦးကို သေအောင်ပစ်ခတ်ခဲ့ဖူးပါတယ်။

၂၀၂၁ခုနှစ်အတွင်းမှာ ကိုဗစ်တားမြစ်ချက်တွေကို ဆန့်ကျင်ဆန္ဒပြဖို့ ဘာလင်မြို့ရဲ့ ရစ်ချ်စဒက် အဆောက်အဦး အဝင်ဝကို အတင်းတိုးဝှေ့ဝင်ရောက်လာကြတဲ့ ဆန္ဒပြသမားတွေကြားထဲမှာ ရစ်ဆ်ဘာဂါ အဖွဲ့ဝင်လေးငါးယောက်ပါရှိပါတယ်။ ၂၀၂၂ ခုနှစ်အတွင်းမှာ လူတစ်စုဟာ တခြားအရာတွေထက် ဘာလင်မြို့မှာရှိတဲ့ ပါလီမန်ထဲကို အတင်းထိုးဖောက်ဝင်ရာက်ဖို့၊ နိုင်ငံရဲ့ အဓိက လျှပ်စစ်လမ်းကြောင်းတွေကို တိုက်ခိုက်ဖျက်ဆီးဖို့၊ ဖက်ဒရယ်အစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းဖို့ စီစဥ်ထားတာကို တွေ့ရှိရတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ဆိုပါတယ်။ ဒါ့အပြင် အာဏာလွှဲပြောင်းရယူဖို့ အရေးကြီးတဲ့ ဝန်ကြီးဌာနတွေကို သိမ်းယူမဲ့ အစီအစဥ်တွေတောင် ရှိခဲ့တယ်လို့ဆိုပါတယ်။

ဖက်ဒရယ်အစိုးရတရားရုံး ပြောကြားချက်အရ ဒုတိယကမ္ဘာစစ် မဟာမိတ်နိုင်ငံများနှင့် ဂျာမဏီနိုင်ငံရဲ့ နိုင်ငံသစ်အခင်းအကျင်းကို ညှိနှိုင်းဆွေးနွေးမယ့် ကြားဖြတ်အစိုးရတရပ်ဖွဲ့စည်းဖို့ အစီအစဥ်တွေတောင် ရှိခဲ့တယ်လို့ သိရပြီး ပထမဆုံးနိုင်ငံမှာ ရူရှားဖက်ဒရေးရှင်း ဖြစ်တယ်လို့ ဆိုပါတယ်။

DW News ပါ Rina Goldenberg ရဲ့ What is Germany’s ‘Reichsbürger’ movement? ကို ကျော်ဇံ ဘာသာပြန်ဆိုသည်။

ဂျာမနီနိုင်ငံရဲ့ “ရစ်ဆ်ဘာဂါ” လှုပ်ရှားမှုဆိုတာ ဘာလဲ (ဘာသာပြန် နိုင်ငံခြားသတင်းဆောင်းပါး)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ