
AB News – ဇန်ဝါရီ ၂၀၊ ၂၀၂၆
ဂျပန်ဝန်ကြီးချုပ် စနအဲ တကာအိချိက သူမ၏ နိုင်ငံရေးလောင်းကြေးထပ်ထားသည့် ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် ဖေဖော်ဝါရီ (၈) ရက်နေ့တွင် ကျင်းပသွားမည်ဟု ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်နေ့က တိုကျိုမြို့တွင် ကျင်းပပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါ တကာအိချိ၏ ဆုံးဖြတ်ချက်သည် သူမ၏ အစိုးရအဖွဲ့သက်တမ်းတစ်လျှောက် အကြီးမားဆုံးသော စိန်ခေါ်မှုဖြစ်ပြီး ဂျပန်နိုင်ငံ၏ စီးပွားရေးနှင့် စစ်ရေးမူဝါဒများကို ပြောင်းလဲပစ်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေမှုတစ်ရပ်ဖြစ်ကြောင်း နိုင်ငံရေးသုံးသပ်သူများက ခန့်မှန်းထားကြသည်။
ဂျပန်နိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာသူ တကာအီချီသည် တိုကျိုတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် စားသောက်ကုန်များအပေါ် ကောက်ခံနေသည့် ၈ ရာခိုင်နှုန်းသော ကုန်သွယ်ခွန်များကို ၂ နှစ် ကြာရပ်ဆိုင်ထားမည်ဖြစ်ကြောင်းကို သူမ၏ မဲဆွယ်ကတိများတွင် ပြောကြားခဲ့ကြောင်း သိရသည်။
တကာအိချိသည် လက်ရှိမှာ ပြည်တွင်းထောက်ခံမှုနှုန်း မြင့်တက်နေသောကြောင့် ၎င်း၏ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီကို လွှတ်တော်အတွင်း အင်အားပိုမိုကောင်းမွန်လာစေရန် ကြားဖြတ်ရွေးကောက်ပွဲဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
မဲဆွယ်စည်းရုံးမှုများကို ယခုလကုန်ပိုင်းတွင် ပြုလုပ်လာနိုင်ဖွယ်ရှိပြီး ရွေးကောက်ပွဲကို ဇန်နဝါရီ ၂၇ ရက်နေ့တွင် စာရင်းပေးသွင်းကာ နောက်လ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် မဲပေးရွေးချယ်ကြရမည်ဖြစ်ကြောင်း သိရသည်။
လွှတ်တော်ဖျက်သိမ်းချိန်မှ မဲပေးချိန်အထိ ၁၆ ရက်သာကြာမြင့်မည်ဖြစ်သော အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲသည် စစ်ပြီးခေတ်ဂျပန်နိုင်ငံရေး သမိုင်းတစ်လျှောက်တွင် အတိုတောင်းဆုံးသော ရွေးကောက်ပွဲကာလဖြစ်လာမည်ဟု မီဒီယာများတွင် ဖော်ပြထားကြသည်။